ထောင်တွင်း ဆေးဝါးကုသမှု မလုံလောက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း နိုင်ကျဉ်းနှစ်ဦး ထပ်မံ ကျဆုံး

5 months ago

ကျဆုံး နိုင်ကျဉ်းများနှင့်ပတ်သက်ပြီး သတင်းမပေါက်ကြားမစေရန် မိသားစုဝင်များအား အကျဉ်းထောင် အာဏာပိုင်များက ခြိမ်းခြောက်

=====

ဇန်နဝါရီ ၂၆

မကွေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်တစ်ခုမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးတို့ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသည့်အတွက် ယခုရက်ပိုင်းအတွင်း ထပ်မံကျဆုံးခဲ့ရကာ ဇန်နဝါရီ တစ်လအတွင်းမှာပင် ကျဆုံးခဲ့သည့် နိုင်ကျဉ်း လေးဦးအထိ ရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

ယင်းသို့ ထောင်တွင်း ဆေးဝါးကုသမှု မလုံလောက်ခြင်းကြောင့် ကျဆုံးခဲ့ရသည့် နိုင်ကျဉ်းများနှင့်ပတ်သက်ပြီး သတင်းပေါက်ကြားမှု မရှိစေရန် အကျဉ်းထောင်အာဏာပိုင်များမှ ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း သိရသည်။

“ဒီလို ထောင်တွင်း ဆေးဝါးကုသမှု မလုံလောက်တဲ့အတွက် နိုင်ကျဉ်းတွေ ကျဆုံးရတဲ့ သတင်းတွေက ဆိုရှယ်မီဒီယာတွေ၊ သတင်းတွေမှာ မြင်လာရတဲ့အတွက် ဒီလို သေဆုံးမှုတွေကို ဘယ်သူ့ကိုမှ မပြောဖို့ဆိုပြီး မိသားစုဝင်တွေကို ပြောလာတယ်။ သတင်းပေါက်ကြားရင် အရေးယူမယ်၊ ဖမ်းဆီးမယ်ဆိုတာတွေအထိ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ ထောင်တွင်း ဖရဲသီးဝန်ထမ်းဆီက ကျွန်တော်တို့ ပြန်သိရပါတယ်။ အခု ကျဆုံးခဲ့ရတဲ့ နိုင်ကျဉ်းအမျိုးသမီးက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ နိုင်ကျဉ်းအမျိုးသားက အသက် ၅၀ ဝန်းကျင်ရှိပါပြီ။ အသေးစိတ်အချက်အလက်တွေကိုတော့ မိသားစု လုံခြုံရေးအတွက် ပြောဖို့ အဆင်မပြေသေးပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မကွေးဗဟိုအကျဉ်းထောင်တွင် ကျဆုံးခဲ့ရသူမှာ မကွေးတက္ကသိုလ်၊ ဓာတုဗေဒအထူးပြု၊ ဂုဏ်ထူးတန်းမှ CDM ကျောင်းသူ မစုမေအောင်ဖြစ်ပြီး ၎င်းနေအိမ်၌ရှိနေစဉ် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် မတရား အဓမ္မ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခံခဲ့ရကြောင်း၊ အကျဉ်းကျခံနေရစဉ်တွင် မစုမေအောင်သည် အရေပြားလေးဖက်နာ ရောဂါ၊ အဆုတ်ရေဝိုင်း၍ အသည်းကြီးကာ နှလုံးဖောက်ခြင်း ရောဂါဝေဒနာများ ခံစားခဲ့ရပြီး ထောင်တွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်း၊ အချိန်မီ ဆေးကုသမှုခံယူခွင့် မရရှိခြင်းတို့ကြောင့် ဇန်နဝါရီ ၂၂ ရက်နေ့တွင် မကွေးဆေးရုံ ကြီး၌ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

ထိုသို့အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးတွင် CDM ကျောင်းသူအဖြစ် ခံယူချက် ပြည့်ဝစွာ ရပ်တည်ချက်ခိုင်ခိုင်မာမာဖြင့် ပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားအဓမ္မ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရကာ ထောင်အတွင်း အကြမ်းဖက်နှိပ်စက်မှုများကို ရဲရဲဝံ့ဝံ့အံတုရင်း ကျဆုံးသွားခဲ့သော မစုမေအောင်အား မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ တို့မှ “နွေဦးတော်လှန်ရေး၏ သူရဲကောင်း” အဖြစ် မှတ်တမ်းတင်အပ်ကြောင်းလည်း ဖော်ပြထားသည်။

 

#SpringofBurma_News

#နိုင်ငံရေးအကျဉ်းသား

#သေဆုံး

 

ပုံစာ – ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ရုပ်အလောင်း။