ထီးချိုင့်တွင် သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အောက် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံး

7 months ago

တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်များလည်း ကျဆုံးခဲ့ရ
=======
နိုဝင်ဘာ ၁၅
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ရွာ ၄ ရွာအား သုံးရက်တာအတွင်း ဂျက်ဖိုက်တာများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၂ နှစ်အောက်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး‌ဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၂ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိတွင် ထီးချိုင့်မြို့နယ်ရှိ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊ အလယ်တောရွာနှင့် အင်းတိန်ရွာသို့ အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အောက်ကလေးငယ် ၂ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပြီး ပြည်သူများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများလည်း ပျက်စီးခဲ့ကြောင်းနှင့် ထိုအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း မရှိ‌ကြောင်း သိရသည်။
အဆိုပါလေကြောင်းမှ အကြမ်းဖက်မှုဖြစ်စဉ်အား တံတားဦးလေကြောင်းရန် ကာကွယ်ရေးတပ်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းမှာပင် တိုက်လေယာဉ် လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သခွတ်ချောင်ရွာရှိ ဘုန်းကြီးကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁ နှစ်နှင့် ၈ လ အရွယ် ကလေး ၁ ဦးသေဆုံးခဲ့ရပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရကြောင်းသိရသည်။
ယင်းအပြင် နိုဝင်ဘာ ၁၃ ရက်တွင်လည်း ထီးချိုင့်မြို့ရှိ ကိုးတဲရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရွာထဲ ကစားနေသော ကလေးငယ် ၁ ဦး၊ အသက် ၂နှစ်အောက် နို့စို့အရွယ်ကလေးငယ် ၁ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက်တွင်လည်း အလယ်တောရွာ၊အင်းတိန်ရွာ၊ လေသာကုန်းနှင့် ပိန္နဲကုန်းရွာများအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နောက်ထပ် ၄ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ထီချိုင့်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်များလည်း ကျဆုံးခဲ့ရကာ နိုဝင်ဘာ ၁၄ ရက်ညမှ စပြီး မြို့သိမ်းတိုက်ပွဲကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးမှလည်း ထုတ်ပြန်ထားသည်။