ထိုင်းနိုင်ငံ အန်ထော်ခရိုင်၌ စာသင်ကြားနေသည့် မြန်မာကလေး ၁၂၀ ကျော် အဖမ်းခံရ၊ မြန်မာပြည် ပြန်ပို့မည်ဟု သိရ လက်ခံထားသော ကျောင်းကိုလည်း ထိုင်းအာဏာပိုင်များက တရားစွဲထားဟုဆို (ဇူလိုင် ၇)

11 months ago

ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်ရှိ Thairath Wittaya 6 ကျောင်း၌ စာသင်ကြားနေကြသည့် မြန်မာကျောင်း သား ၁၂၆ ဦးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့မည်ဖြစ် ကြောင်း ဇူလိုင် ၇ ရက် ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။
အန်ထော်ခရိုင်သည် ထိုင်းနိုင်ငံအလယ်ပိုင်းမှ ခရိုင်မြို့တစ်ခုဖြစ်ကာ ယခုလိုအထောက်အထားမဲ့သည့် မြန်မာကျောင်းသားများကို လက်ခံထားသည်ဟုဆိုပြီး Thairath Wittaya 6 ကျောင်း တာ‌ဝန်ရှိသူများကို ထိုင်းအာဏာပိုင်များက တရားစွဲထားကြောင်းလည်း သိရသည်။
၎င်းကလေးများသည် အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်ရှိကြသူများဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လမှစကာ အဆိုပါကျောင်းတွင် စာသင်ကြားနေကြခြင်းဖြစ်ကာ ထိုကလေးများအား အထောက်အထားမဲ့သူများဆိုသည့် အကြောင်းပြချက်ဖြင့် ယခုလိုဖမ်းဆီးခြင်းဖြစ်ကာ ချင်းရိုင်ခရိုင် မြန်မာ- ထိုင်း နယ်စပ်မှတဆင့် မြန်မာပြည်ဘက်သို့ ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
ကလေးအယောက် ၃၀ ကို ၎င်းတို့၏မိဘများမှ ခေါ်ယူသွားသည့်အတွက် နေရပ်ပြန်ပို့ပေးခဲ့ပြီး ကျန်ကလေးများအား ချင်းရိုင်မြို့ လူမှုဖွံ့ဖြိုးရေးနှင့် လူသားချင်းလုံခြုံမှုဆိုင်ရာခရိုင်ရုံး (the Social Development and Human Security Provincial Office) တွင် ခေတ္တနေထိုင်ခွင့်ပေးထားကြောင်း သိ ရသည်။
၎င်းတို့ကို နေရပ်ပြန်ပို့မည့်အစား ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (the Department Of Provincial Administration)မှ နိုင်ငံမဲ့ကလေးများဆိုသည့် အထောက်အထားထုတ်ပေးကာ ပညာရေးစနစ်တွင် စာရင်းသွင်းပေး၍ရကြောင်း ဥပဒေကျွမ်းကျင်သူ ချင်းမိုင်တက္ကသိုလ်၊ ဥပဒေဌာနက လက်ထောက် ပါမောက္ခ Darunee Paisanpanichkul က ပြောထားကြောင်း သိရသည်။
“ထိုင်းမှာမွေးစာရင်းပြနိုင်ရင် အသက် ၁၅ နှစ်လောက်အထိ နေထိုင်ခွင့်ရှိတယ်။ ကျောင်းတက်လို့ရတယ် လို့ သိထားရပါတယ်ဗျ။ ဒါပေမယ့်လည်း ဒီကလေးတွေက အသက်မပြည့်သေးတဲ့ကလေးတွေဆိုတော့ ခုလိုမျိုးတော့ မလုပ်သင့်ဘူးလေ။ မြန်မာပြည်ဘက်ကနေလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ ကြသူတွေရှိတာပဲ။ ကိုယ့်ကလေးတွေ ပညာရေးမနှောင့်နှေးဖို့ ခုလို ကျောင်းထားရတာပဲလေ” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
မြန်မာကျောင်းသားများကို နေရပ်ပြန်ပို့ရန်စီစဉ်သည့် ထိုင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ထိုင်းပညာရေးအသိုင်းအဝိုင်းက ရှုတ်ချနေသည့်အကြောင်း ထိုင်းဘက်မှလာသည့် သတင်းများတွင် ဖော်ပြထားသည်။
ပုံစာ – Thairath Wittaya ကျောင်းတစ်ကျောင်းအားတွေ့ရစဉ်။
Photo – Thai Rath Online