ထိုင်းနိုင်ငံ ဖရာ့နခွန်စီအယုဒ္ဓယမြို့ မြစ်ထိန်းနံရံလုပ်ငန်းခွင်၌ မြန်မာတစ်ဦး မြစ်ထဲပြုတ်ကျ သေဆုံး (ဇူလိုင် ၇)

11 months ago

ထိုင်းနိုင်ငံ ဖရာ့နခွန်စီအယုဒ္ဓယမြို့က ပါစောက်မြစ်ရေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းခွင်၌ မြန်မာအလုပ်သမားတစ်ဦးသည် ဇူလိုင်လ ၇ ရက်‌နံနက်ပိုင်းက အလုပ်လုပ်နေစဉ် မြစ်ထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း ခေါင်စွတ်သတင်းဌာနက ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများသည် ရေငုပ်သမားများနှင့် ပူးပေါင်း၍ ရေငုပ်ရှာဖွေခဲ့ရာ စတင်ရှာဖွေချိန်မှ ၁၅ မိနစ်အကြာတွင် သေဆုံးသူရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာများ မတွေ့ရကြောင်း ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၄၀ ခန့်အရွယ်ရှိ ထိုင်းအမည် မိုင်းအေး ဆိုသူဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကမှ အဆိုပါလုပ်ငန်းခွင်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ကျန်းမာရေးသိပ်မကောင်းသဖြင့် မကြာခဏအလုပ်ပျက်သူဖြစ်ကြောင်း၊ နံနက်ပိုင်းက မြစ်တဖက်ကမ်းသို့ ကူးမည့်လှေပေါ်တက်ခါနီး အသက်ကယ်အင်္ကျီဝတ်ဆင်သည့်အခိုက် မတော်တဆရေထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ပြောပြချက်အား ဖော်ပြထားသည်။
“မြန်မာတွေအများစုက အလုပ်မရွေးကြဘူးလေ။ အလုပ်ကြမ်းလုပ်တာ၊ အန္တရာယ်များတဲ့အလုပ်တွေ လုပ်ရတာက မြန်မာတွေပဲများတယ်။ ခုလိုဖြစ်ရတာတွေက ထိုင်းနိုင်ငံမှာ သိပ်တော့မဆန်းတော့ပါဘူး” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
ရေထဲသို့ပြုတ်ကျရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်း အချင်းများခိုက်ရန်ဖြစ်ပွားခြင်း ရှိ၊ မရှိကို မျက်မြင်သက်သေများအား ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဟု တာဝန်ရှိရဲတပ်ဖွဲ့က ပြောကြောင်း သိရသည်။
AMMH
ဓာတ်ပုံ -ခေါင်စွတ်