ထားဝယ်၊ ရောင်းမော်ကျေးရွာအနီး စကစ စခန်းအား တိုက်ခိုက်သိမ်းပိုက်၊ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

3 months ago

မတ် ၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ နေထိုင်သောစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ ၁၉ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဥဩစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုရောင်နီက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မတ် ၂ ရက်နေ့တွင် အမှတ် ၃၄ ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်စီဝမ်း ဦးဆောင်ပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ ( T1 )၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ ( T5 SOF) နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
No photo description available.
၎င်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲထားခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားပြီးနောက် စကစဘက်မှ ( MI- 2) အမျိုးအစားရဟတ်ယာဉ်ကို အသုံးပြုပြီး သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ (T 1) မှ ရဲဘော်တစ်ဦး နိုင်ငံတော်အတွက် မွန်မြတ်စွာ အသက်ပေးခဲ့ရကြောင်း သိရသည်။
“သေဆုံးခဲ့သူတွေထဲ စကစ၊ ပျူ ဘယ်လောက်ရယ်လို့တော့ မသိရပါဘူး။ သေဆုံးအလောင်းတွေကတော့ ထား၀ယ် ခလရ ၂၅၊ ခလရ ၂၆၇၊ ခမရ ၄၀၁၊ ခမရ ၄၀၂ တို့က စစ် – တွေပါ။ စုစုပေါင်း ၁၉ ယောက်ပါ။ သေနတ်ကတော့ လက်နက်ငယ် ၁၁ လက်၊ ၆၀ မမ စိန်ပြောင်းတစ်လုံးနဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။ ရောင်းမော်ရွာက ပျူတွေတော့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ထွက်ပြေးတာတွေ ရှိပါတယ်။ ဒဏ်ရာရရှိတဲ့သူရှိပေမယ့် အတည်မပြုနိုင်ပါဘူး။ အဲဒီရွာက ပျူရွာလို့ ခေါ်ရလောက်အောင် ပျူအင်အားကောင်းတဲ့ ရွာပါ”ဟု ကိုရောင်နီက ဆက်လက်ပြောသည်။
May be an image of motorcycle
တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အခြေစိုက်ရာစခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဟု အသိပေးကြောင်းလည်း တောင်ပိုင်းစစ်ဒေသက ဆိုထားသည်။