ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟအား သက်သေခံပစ္စည်းများ လိုက်ပြရန် အကြောင်းပြ ခေါ်ထုတ်သတ်ဖြတ်၊ သေဆုံးမှုအား မိသားစုထံ ဖုံးကွယ်ထား

3 months ago

မတ် ၂၈
ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများ လိုက်ပြရန်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ထုတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
မတ် ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်‌ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟအားသက်သေခံပစ္စည်းများ လိုက်ပြရန်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ထုတ်သွားပြီးနောက် ယင်းနေ့မှစ၍ အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ကြောင်း သိရှိရသည်။
ကိုဝင်းသီဟအား သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ထားဝယ်အကျဉ်းဦးစီးဌာနမှ ပြောကြားမှုရှိသော်လည်း အလွန်ယုတ္တိကင်းမဲ့သည့် ပြောကြားမှုသာလျှင် ဖြစ်သည့်အပြင် ကိုဝင်းသီဟ သေဆုံးမှုအပေါ် မိသားစုထံ စာပို့အကြောင်းကြားခြင်း၊ ဖုန်းဆက်အသိပေးခြင်း မပြုဘဲ သေဆုံးမှု (သတ်ဖြတ်ခဲ့မှု)သတင်းကို ဖုံးကွယ်ထားကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ စုံစမ်းသိရသလောက်ကတော့ မိသားစုဝင်တွေဆီကို အကြောင်းကြားစာတောင် ရောက်မလာပါဘူး။ သူ့ရဲ့ Dead Body ကိုလည်း မိသားစုဝင်တွေအနေနဲ့ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ အကျဉ်းထောင်က သူတို့နည်း သူတို့ဟန်နဲ့ သင်္ဂြိုဟ်ထားပြီးတဲ့ အခြေအနေပါ။ ၁၆ ရက်နေ့မှာ ခေါ်ထုတ်သွားပြီး ၂၀ ရက်နေ့ ပတ်ချာလည်လောက်မှ သေဆုံးကြောင်းကို သိရတာပါ။ ဒီလိုသတ်ဖြတ်မှုတွေကို သူတို့က မထုတ်ပြန်ကြတဲ့အတွက် လူဘယ်နှယောက်လောက် ဒီလို သတ်ဖြတ်ခံနေရပြီလဲဆိုတာ မေးခွန်းထုတ်စရာပါ။ တော်တော်လေး စိုးရိမ်စရာ အခြေအနေပါ။ ပိုပြီး ဆိုးတာက လက်ရှိမှာ ကိုဝင်းသီဟနဲ့ ပတ်သက်တဲ့ ဒေတာတွေကို မပေါက်ကြားအောင် သတင်းတွေ ဖုံးထားတယ်။ မိသားစုဝင်တွေက ကိုယ့်သားသမီးသေဆုံးတာကို မသိရတဲ့ အခြေအနေမျိုးတွေပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ယခုလို ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို အကျဉ်းထောင်ပြင်ပရှိ ပြည်သူများထံသို့ မပေါက်ကြားစေရန် ထားဝယ်အကျဉ်းထောင်တွင်းတွင် သတင်းအမှောင်ချခံထားရသည့် အခြေအနေကို ကြုံနေကြရကြောင်း၊ အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံနေကြရသည့် ကိစ္စရပ်များအပေါ် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း (UN) အောက်ရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များအား အမြဲတစေ စောင့်ကြည့်‌လေ့လာ၍ စစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို ပြင်းထန်သည့် ဖိအားပေးမှုများကို အမြန်ဆုံး လုပ်ဆောင်ရန် အထူးလိုအပ်လျှက်ရှိသည်ဟု PPNM က ဆိုထားသည်။
အကျဉ်းထောင်တွင်း ဖမ်းဆီးခံ‌နေရသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများသည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်ဟူသည့် အခြေခံအချက်သည်ပင် အာမခံချက်မရရှိဘဲ ‌ဆုံးရှုံးလျှက်ရှိကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။