တမူး ပကဖ အဖွဲ့၏ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ)မှ ပြန်ကြားရေးတာဝန်ရှိသူ ကျဆုံး

4 months ago

ဖေဖော်ဝါရီ ၄
တမူးမြို့နယ် ပကဖ အဖွဲ့၏ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) – CNO (UCR) မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွင်းရေးမှူး Bawi Bawi ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
၄င်ဖြစ်ရပ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကာနန်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တမူးမြို့နယ် ပကဖ အဖွဲ့က ကာနန်ရွာမှာ ရှိနေကြပါတယ်။ ကျွန်တော်တို့ CNO (UCR) တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ ကားနဲ့ ကာနန်ရွာကို အဖြတ်မှာ တမူး ပကဖ အဖွဲ့ကို တွေ့လို့ ကားရပ်ပေးပြီးတော့ ဘယ်အဖွဲ့အစည်းက ဖြစ်ကြောင်း ပြောပြီး သွားလို့ရပြီလားလို့ မေးတယ်။ သွားလို့ရပြီ ဆိုလို့ သွားလိုက်ပါတယ်။ ကားမောင်းထွက်တဲ့အခါမှာ အနောက်ကနေ ပစ်လိုက်တာပါ။ ပကဖ ဘက်ကတော့ အနောက်ဖုံးဖွင့်ဖို့ ပြောတာ မဖွင့်ဘဲ ဆက်မောင်းသွားလို့ဆိုပြီး အတွန့်တက်ပါတယ်။ ကားအနောက်မှာ ထိုင်နေတဲ့ Bawi Bawi က နောက်စေ့ကနေ သေနတ်မှန်သွားပါတယ်။ ချက်ချင်းမဆုံးလို့ ဆေးရုံကို သွားဖို့လုပ်တဲ့ခါမှာ ကားကို ရပ်တန့်စေပြီး အချိန်ဆွဲနေခဲ့တယ်။ နောက်မှ ခွင့်ပြုပြီး ပြန်သွားခိုင်းပေမဲ့ ဆုံးသွားပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဌ (၁) ဆလိုင်းပီတာထန်းက Spring of Burma မီဒီယာသို့ ပြောသည်။

ယင်းသို့ တမူး ပကဖအဖွဲ့က သွားခွင့်ပေးသည်ဆိုသော်လည်း CNO (UCR) အတွင်းရေးမှူးကို ဓားစာခံအဖြစ် ဖမ်းထားခဲ့ကြောင်း၊ ၎င်းအား ပြန်မလွတ်ပေးပါက လက်နက်သုံးဖြေရှင်းမည်ဟု ဆိုမှသာ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့ ဓားစာခံအနေနဲ့ ‌ဖမ်းထားတဲ့ CNO (UCR) အတွင်းရေးမှူးကို ည ၉ ‌နာရီလောက်မှာ ပြန်လွှတ်ပေးပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Ground မှာ တာဝန်ရှိတဲ့သူတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ မြို့နယ်အဆင့်မှာ ဖြစ်တဲ့ကိစ္စကို မြို့နယ်အဆင့်က ရှင်းမပေးနိုင်ရင် သူတို့ အဆင့်ဆင့် တင်ပြကြလိမ့်မယ် လို့ ထင်ပါတယ်” ဟု ဆလိုင်းပီတာထန်းက ဆက်လက်ပြောသည်။
၎င်းဖြစ်စဉ်တွင် ကျဆုံးခဲ့ရသည့် CNO (UCR) မှ အသက် ၂၇ နှစ်အရွယ်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွင်းရေးမှူး Salai Van Bawi Nei Thawng @ Bawi Bawi ၏ ဈာပနကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် CNO/CNDF ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တမူးမြို့နယ် ပကဖအဖွဲ့ တပ်ရင်းအချို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ပါ။