တမူး ပကဖ အဖွဲ့၏ ပစ်ခတ်မှုကြောင့် CNO (UCR) ပြန်ကြားရေး အတွင်းရေးမှူး ကျဆုံးခဲ့ရမှု သက်ဆိုင်သူများကို ခုံရုံးဖွဲ့ စစ်ဆေးကာ ထိုက်သင့်သည့် ပြစ်ဒဏ် ပေးမည်

4 months ago

ပစ်ခတ်မှု ကျူးလွန်ခဲ့သူများအား ချင်းအမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ပိုင်ခွင့်နယ်ထဲသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားဟုဆို
=======
ဖေဖော်ဝါရီ ၁၀
တမူး ပကဖ အဖွဲ့၏ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ)မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွင်းရေးမှူး ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ပစ်ခတ်မှု ကျူးလွန်‌သူများ အပါအဝင် လမ်းတွင် အချိန်ဆွဲပြီး တားခဲ့သူများကိုပါ ခုံရုံးဖွဲ့ စစ်ဆေးကာ ထိုက်သင့်သည့် ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် ကာနန်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် တမူး ပကဖ အဖွဲ့မှ တာဝန်ရှိသူများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ပကဖ ဘက်က ပစ်ခတ်မှု ကျူးလွန်‌တဲ့ သူတွေအပါအဝင် လမ်းမှာ အချိန်ဆွဲပြီး တားတဲ့သူတွေကိုပါ ခုံရုံးဖွဲ့ စစ်ဆေးပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးအပ်ပါမယ်။ ချင်းအမျိုးသားအဖွဲ့ချုပ်ဘက်က အမှုကြားနာတဲ့နေရာမှာ ‌လူလွှတ်ပြီး နားထောင်လို့ ရပါမယ်။ ပေးတဲ့ပြစ်ဒဏ်အပေါ် ကျေနပ်မှုမရှိရင် ပြန်ညှိနှိုင်းလို့ ရပါမယ်လို့ ဆိုပါတယ်။ နောက်ပြီး ကျန်ရစ်သူမိသားစုတွေ စိတ်ကျေနပ်တဲ့အထိ တောင်းပန်သွားပါမယ်လို့ ဆိုပါတယ်။ ချင်းအမျိုးသားအဖွဲ့ကိုလည်း တောင်းပန်တဲ့စာ တရားဝင်ပို့ပါမယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ ကားအတွက် ထိုက်သင့်တဲ့ လျော်ကြေးကို ပေးအပ်ပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဌ (၁) ဆလိုင်းပီတာထန်းက Spring of Burma မီဒီယာသို့ ပြောသည်။
ယင်းအပြင် ချင်းအမျိုးသားအဖွဲ့ချုပ် အနေဖြင့်လည်း ယခု ပစ်ခတ်သေဆုံးမှုတွင် သက်ဆိုင်သူများကို ၎င်းတို့၏ တရားစီရင်ပိုင်ခွင့်နယ်ထဲသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း၊ နောက်နောင် စည်းလွတ်ဘောင်လွတ် ပစ်ခတ်မှုများ ပြုလုပ်လာပါက ညှိနှိုင်းမှုများ ဆောင်ရွက်တော့မည် မဟုတ်ဘဲ ချက်ချင်း တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်ဟု ဆိုသည်။
တမူး ပကဖ အဖွဲ့အနေဖြင့် ၎င်းညှိနှိုင်းချက်များကို အမြန်ဆုံးလိုက်လျောပေးသွားမည်ဟု ဆိုထားကြောင်း သိရသည်။
တမူးမြို့နယ် ပကဖ အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) – CNO (UCR) မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွင်းရေးမှူး Bawi Bawi သည် မကြာမီ မင်္ဂလာပွဲ ကျင်းပရန် ပြင်ဆင်နေသည့် သတို့သားလောင်း တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်က ကာနန်ကျေးရွာ‌တွင် ရှိနေသော တမူး ပကဖအဖွဲ့က ယင်းနေရာသို့ ဖြတ်သွားသည့် CNO (UCR) အဖွဲ့၏ ကားအား တားဆီးစစ်ဆေးကာ သွားခွင့်ပေးပြီးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကားအနောက်ခန်း‌တွင် ထိုင်နေသော အသက် ၂၇ နှစ်အရွယ်ရှိ Salai Van Bawi Nei Thawng @ Bawi Bawi ၏ နောက်စေ့အား ထိမှန် သေဆုံးစေခဲ့ခြင်း ဖြစ်သည်။