တန့်ဆည်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်၊ စကစတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

5 months ago

ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းတွင် အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခန့်က ကန့်ဘလူအခြစိုက် ၆၀၀၆ တပ်ရင်းမှ အင်အား ၁၈၀ ခန့်ပါရှိသည့် စစ်ကား ၆ စီးမှာ ရေဦးမြို့နယ် မြောက်ခြမ်းသို့ စစ်ကြောင်းထွက်လာခဲ့ကြောင်း၊ ယင်းစစ်ကြောင်းပါ စစ်ကောင်စီတပ်သားများနှင့် တန့်ဆည်မှ ထွက်လာသော စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်တို့သည် တန့်ဆည်မြို့နယ် အရှေ့ခြမ်းတွင် လူချိန်းပြီး ညနေ ၂ နာရီ မိနစ် ၄၀ ခန့် တွင် လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ထိုသို့ ပြန်ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် တန့်ဆည်မြို့နယ်အရှေ့ခြမ်း၌ ကင်းထောက်နေရာယူထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အပြန်အလှန်ပစ်ခတ်ခဲ့တာက တန့်ဆည်မြို့နယ်မှာ လူချိန်းပြီး ပြန်ထွက်လာတဲ့ စကစရဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်းနဲ့ပါခင်ဗျ။ ရဲဘော်တွေဘက်က အထိအခိုက်မရှိပါဘူး” ဟု PLA မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ညဦးပိုင်းက ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မူးအရှေ့ဘက်သို့ ပို့ဆောင်ကာ လူနာတင်ကား နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ၎င်းစစ်ကြောင်းသည် လက်ရှိတွင် အက်တောရွာ၌ စခန်းချတပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၊ TCRF (PLA) ၊ ပ.က.ဖ တပ်ရင်းများ ဖြစ်သော တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၈ နှင့် တပ်ရင်း ၇ တို့ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်‌ကြောင်းသည် နံနက်ပိုင်းက တန့်ဆည်မြို့ လာရောက်စဉ် နွားဆွဲ၍ ပြန်လာသော အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသား တစ်ဦးကို သေနတ်ဖြင့် နဖူးတေ့ကာ ပစ်သတ်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။