ညစဉ် သောက်စားသောင်းကျန်းနေဟု ပြည်သူများကတိုင်ကြား၍ ဒိုက်ဦးမြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းတို့အား စားသောက်ဆိုင် အထွက်တွင် ပြည်သူ့တပ်ဖွဲ့များက တိုက်ခိုက် ” ကျွန်တော်တို့ သွားဝိုင်းချိန်မှာအထဲမှာ ဆိုင်ရှင်တွေရယ်၊စားပွဲထိုးနဲ့ စားသုံးသူ တချို့ရယ်ကြောင့် ပြည်သူတွေ မလွတ်နိုင်လို့ ဝင်ပစ်မယ့် အစီအစဉ်တွေ အကုန်ဖျက်သိမ်းလိုက်တယ်” Daik-U Defence Force တာဝန်ရှိသူ

8 months ago

နိုဝင်ဘာ ၄
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒါးပိန်စုရပ်ကွက်တွင် ကင်းလှည့်ထွက်ဟုဆိုကာ ညစဉ် သောက်စားသောင်းကျန်းနေသော ဒိုက်ဦး မြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း၊ တပ်ကြပ်၊တပ်သားများအား ပဲခူးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Daik-U Defence Force က ၎င်းတို့ စားသောက်ဆိုင်မှ အထွက်တွင် အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒိုက်ဦး မြို့မရဲစခန်းက စခန်းမှူး၊ နယ်ထိန်း၊ တပ်ကြပ် တပ်သားတွေ ညတိုင်း ကင်းလှည့်ထွက်တယ်။ ဒါပေမယ့် သူတို့က ကင်းလှည့်ထွက်တာမဟုတ်ဘဲ ဒါးပိန်စုက အရက်ဆိုင်မှာ သောက်စားလိုက်၊ ဖဲရိုက်လိုက်၊ ဘိလိယက်ထိုးလိုက် လုပ်နေတာ။ သူတို့ အရမ်းသောင်းကျန်းတယ်။ ညတိုင်းလိုလိုပဲ။ ပြည်သူတွေ တိုင်ကြားချက်အရ ကျွန်တော်တို့ သွားဝိုင်းချိန်မှာ အထဲမှာ ဆိုင်ရှင်တွေရယ်၊ စားပွဲထိုးနဲ့ စားသုံးသူတချို့ရယ်ကြောင့် ပြည်သူတွေ မလွတ်နိုင်လို့ ဝင်ပစ်မယ့် အစီအစဉ်တွေ အကုန်ဖျက်သိမ်းလိုက်တယ်။ အဲဒါကြောင့် သူတို့ ပြန်အထွက်လာကိုပဲ စောင့်ဆိုင်းပြီး အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်” ဟု Daik-U Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား နိုဝင်ဘာ ၂ ရက် ည ၁၁ နာရီအချိန်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်းလည်း သိရသည်။
“သူတို့ ထိခိုက်မှု ရှိပေမယ့် ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ သူတို့ကလည်း သူတို့ စားသောက်နေတဲ့ ဆိုင်ကိုလည်း ပစ်တယ်။ အခြား အနီးအနားက အိမ်တွေကိုလည်း ရမ်းသမ်းပြီး ပစ်ခဲ့တယ်” ဟု ၎င်းတာဝန်ရှိသူက ဆက်၍ပြောခဲ့သည်။