ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သည့်အတွက် နိုင်ငံရေးအကျဉ်းသူ တစ်ဦး သေဆုံးရပြန်

4 months ago

ဖေဖော်ဝါရီ ၇
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅(က)ဖြင့် မတရားထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသူတစ်ဦး ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိခြင်းကြောင့် ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သေဆုံးခဲ့ရသော အသက် (၃၅)နှစ် အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးမှာ အောင်မြေသာစံမြို့နယ် အမှတ် (၆)နယ်မြေခံရဲစခန်းနှင့် အမှတ် (၈)နယ်မြေခံရဲစခန်းတို့မှ တရားလိုပြုလုပ်၍ ထောင်ဒဏ် ၆ နှစ် မတရား အမိန့်ချမှတ်ခြင်းခံထားရသူဖြစ်ကြောင်း သိရသည်။
မယဉ်မိုးသည် အိုးဘို‌ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၆ နှစ် အမိန့်ချခံရပြီး‌နောက် အိုး‌ဘိုအကျဥ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ထောင်ပြောင်းခံခဲ့ရပြီး ကျန်းမာရေး မကောင်းသည့်အတွက် မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
“အခု သေဆုံးသွားရတဲ့ နိုင်ငံရေး အကျဉ်းသူဆိုရင် ပြင်ပဆေးရုံကို ပို့ခဲ့တယ်လို့ အကြောင်းပြချက် ပေးလို့ရပေမယ့် လုံလောက်တဲ့ အချိန်နဲ့ ကုသခွင့်တွေ မရရှိဘဲ ထောင်ထဲကို မကြာခဏ ပြန်ပြန်ပို့တာ၊ ပြန်ပြန်ခေါ်ယူတာတွေ လုပ်ခဲ့တယ်။ ဒီလိုတွေကြောင့် ကျွန်တော်တို့ နိုင်ကျဉ်းတွေရဲ့ အသက်တွေက ကြက်ကလေး၊ ငှက်ကလေးသဖွယ် သေဆုံးရတဲ့ ရာခိုင်နှုန်းတွေ တိုးလာတယ်။ ဒီအတွက် ဒီလိုသေဆုံးခဲ့ရတဲ့ နိုင်ကျဉ်းတွေအတွက် ဝမ်းနည်းမိသလို ဒီလုပ်ရပ်တွေ ကျူးလွန်နေတဲ့ သူတွေအနေနဲ့ ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ပြီး ထောင်ဝင်စာမှာလည်း နိုင်ငံခြားဆေးဝါးတွေ ပို့ဆောင်ခွင့် အမြန်ပြုပါတော့၊ အကျဉ်း‌ထောင်ထဲမှာ လုံလောက်တဲ့ ‌ဆေးဝါးတွေ အမြန်ပေးပါတော့၊ မကုနိုင်ဘူးဆိုရင် ရိုးရိုးသားသားနဲ့ ပြင်ပဆေးရုံတွေကို သွားခွင့်ပြုပေးပါတော့၊ အဲဒီလို ကုသတဲ့အခါမှာလည်း လုံလောက်သော အချိန်နဲ့ ကုသခွင့် ရရှိဖို့ အမြန်ဆုံး ဆောင်ရွက်ပေးပါတော့လို့ ကျဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကိုယ်စား ကျွန်တော် ပြောချင်ပါတယ်ဗျ” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဒေတာကောက်ယူထားမှုအရ မယဉ်မိုးသည် မသေဆုံးမီ အချိန်များအတွင်း ထောင်အာဏာပိုင်များကို ၎င်းအား ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးရန် မကြာခဏတောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်များအနေဖြင့် ပြင်ပဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သော်လည်း လုံခြုံရေးမပေးနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ ပြင်ပဆေးရုံတွင် ကြာရှည်စွာ ဆေးဝါးကုသခွင့် မပေးဘဲ ကုသမှု ခံယူနေရစဉ်အတွင်း၌ပင် မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်းထောင်သို့ ခြောက်ကြိမ်တိုင်တိုင် ပြန်လည်ခေါ်ယူမှုများရှိခဲ့‌သည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း၌ ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မီ မသိရှိရခြင်း၊ ရောဂါဖြစ်နေစဉ်အတွင်း အကျဉ်းထောင်တွင်း၌ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသော်လည်း အကျဉ်းဦးစီးအနေဖြင့် လုံခြုံရေး မပေးနိုင်ဟု အကြောင်းပြ၍ ပြင်ပဆေးရုံတွင် အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၄၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ပင် အကျဉ်းထောင်တွင်း ဆေးဝါးကုသမှုမ‌လုံလောက်ခြင်းကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅ ဦးအထိရှိလာနေပြီဖြစ်ကြောင်းလည်း သိရသည်။