ဆားလင်းကြီးတွင် အင်အား ၈၀ ပါ အကြမ်းဖက်စစ်ကြောင်းနှင့် လေးနာရီကြာ ထိတွေ့မှုဖြစ်၊ စကစ ၁၇ ဦး မျက်မြင်သေဆုံးဟုဆို

5 months ago

ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်အင်အား ၈၀ ပါ စ-စစ်ကြောင်းနှင့် လေးနာရီကြာ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၇ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း ULF (ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း) က ထုတ်ပြန်ထားသည်။
၎င်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ချင်းတွင်းမြစ်ကြောင်းမှ ကူးတို့ကူးကာ ဆားလင်းကြီးမြို့နယ်အတွင်း သုံးရက်တာ စစ်ကြောင်းထိုးပြီးနောက် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား၊ လက်တောင်းငယ်ကျေးရွာအနီးအရောက်တွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကြာချိန် လေးနာရီအတွင်း စ-များဘက်မှ အထိနာပြီး ၁၇ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကာ သေဆုံးသူရေ ပိုမိုများနိုင်ဖွယ် ရှိကြောင်းနှင့် တိုက်ပွဲအတွင်း MA (3) တစ်လက်၊ RPG အဖူး လေးဖူး၊ 60 အဖူး လေးဖူး၊ 40 မမ ဗုံးသီး ၁၅ လုံး၊ 5.56 ကျည် အတောင့် နှစ်ထောင်ကျော်နှင့် ခဲယမ်းပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေး၏ လမ်းညွှန်မှုဖြင့် ULF (ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များမှ ပူးပေါင်းဖော်ဆောင်ခဲ့ကာ ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော် ငါးဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထပ်မံသိရှိနိုင်ရန် ULF ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပါ။