စံပြကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်အတွက် လက်တုံ့ပြန်သည့် မစ်ရှင် နှစ်ခု ဆက်တိုက်ဖော်ဆောင်၊ စကစ နှစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ

5 months ago

ဖေဖော်ဝါရီ ၅
မြင်းခြံမြို့နယ်၊ စံပြကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော် ကုလားလေးအတွက် လက်တုံ့ပြန်သည့်အနေဖြင့် မစ်ရှင်နှစ်ခုကို ဆက်တိုက် ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကန်ရွာနှင့် ကန်နှောင်းရွာအကြားတွင် စကစ တပ်သားများ လိုက်ပါလာသည်ံ ကန်တာကား တစ်စီးအား ပဒေသာမိုင်း ဆယ်လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားအား တည့်တည့်ထိမှန်ခဲ့ပြီး သာယာကုန်း ကျေးရွာအနီး ၁၅ မိနစ်ခန့်အကြာ ရပ်နေခဲ့ရကြောင်း၊ ယင်းနောက် ၆၀ မမ လက်နက်ကြီးများ နှစ်ကြိမ်၊ လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ကာ မြင်းခြံဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုကြောင့် စကစတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရ သိရှိရကြောင်း ဖော်ပြထားသည်။
၎င်းတိုက်ခိုက်မှုကို Myingyan Black Tiger(MBT) နှင့် MDY-PDF (မန္တလေးခရိုင်ရင်း- ၃ )တို့မှ ပူးပေါင်း‌ဖော်ဆောင်ခဲ့‌ကြောင်း သိရသည်။
“မြင်းခြံဘက်က နွားထိုးကြီးဘက်ကို လာတဲ့ စကစတပ်သား အင်အား သုံးဆယ်ဝန်းကျင်ပါတဲ့ ကန်တာကားကို မိုင်း ၁၃ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာပါ။ သုံးလုံးက မကွဲဘူး။ ဆယ်လုံးက ကွဲတယ်။ နှစ်ဦးသေခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်က ၂ ရက်နေ့က စံပြကျေးရွာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ကုလားလေးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မစ်ရှင်တွေကို ချက်ချင်းဖော်ဆောင်ခဲ့တာပါ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စကစများ အထိုင်ချတပ်စွဲထားသော ကပ်ကျော်ကျောင်း (ဘုန်းကြီးကျောင်း)အား ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ၄၀ မမတစ်လုံး၊ လက်ပစ်ဗုံး တစ်လုံးတို့ဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စကစတပ်သားများ နေထိုင်ရာ အဆောင်မှာ သွပ် ငါးချပ် လန်ထွက်သွားပြီး စကစ တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စကစဘက်မှ လက်နက်ငယ်များဖြင့် ရပ်ကွက်များဘက်သို့ ရမ်းသမ်းပစ်ခတ်လျှက်ရှိသော်လည်း ပြည်သူများထိခိုက်မှု မရှိကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် TPG ပြောက်ကျားတပ်တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။