စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်သွားမည်ဆိုသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ ကြေညာချက်အပေါ် ပြည်သူများက မွန်အလံထောင် ကြိုဆို

4 months ago

ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများတွင် စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်သွားမည်ဆိုသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ ကြေညာချက်အပေါ် မွန်အလံများ ထောင်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကြိုဆိုထောက်ခံခဲ့ကြကြောင်း သိရသည်။
“ကျိုက်မရောဘက်က ရွာတွေမှာ မွန်ပြည်သစ်ကြေညာချက်ကို ကြိုဆိုတဲ့အနေနဲ့ မွန်အလံတွေထောင်ပြီး ကြိုဆိုထောက်ခံကြတယ်။ ကျွန်တော်တို့ ခရီးသွားရင်း တွေ့ခဲ့တာပါ” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှဉ်းဆဲ အကျဉ်းချ သတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကာ အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်းနှင့် ယင်းအတွက်ကြောင့်မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
May be an image of treeMay be an image of 1 person, rearview mirror, road and streetMay be an image of road
ယင်းနှင့်ပတ်သက်ပြီး တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသူတစ်ဦးက “မွန်တွေ ပါဝင်လာတာ တောင်ပိုင်းအတွက် ပြီးပြည့်စုံတာပါ။ နိုင်ငံတောင်ပိုင်းမှာ လူမျိုးစုတော်လှန်ရေးတပ်က ကရင်၊ ကရင်နီနဲ့ မွန်ပဲ ရှိတာပါ။ အခု မွန်လူမျိုးတွေကို ကိုယ်စားပြုတဲ့ တပ်တစ်ခု တော်လှန်ရေးမှာ ပြည့်ပြည့်ဝဝ ပါဝင်လာတာ အားရဝမ်းသာကြိုဆိုကြရမှာပါ” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုသို့ နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် မိမိတို့တပ်စခန်းများကို သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်က နည်းမျိုးစုံ ဖိအားပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာစေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ ဆန္ဒသဘောထားကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာ အဖြေရှာသွားကြရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်းလည်း ဆိုထားသည်။