စစ်မှုမထမ်းမနေရ ဥပဒေ စတင် အသက်ဝင်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ကြေညာ

4 months ago

“ဒီကိစ္စကို အသက်ဝင်မယ့် ညမှ ထုတ်ပြန်လာခဲ့တယ်။ သူတို့ အင်အားနည်းနေတော့ နည်းလမ်းအကုန် ထုတ်သုံးလာတဲ့ အနေအထားပဲ”
ပြည်သူတစ်ဦး
========
ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေ စတင်အသက်ဝင်ပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် ညတွင် အကြမ်းဖက်စစ်ကောင်စီက ၄င်းတို့ပိုင် မီဒီယာမှတဆင့် တရားဝင် ထုတ်ပြန်သွားကြောင်း သိရသည်။
၄င်းတို့၏ ထုတ်ပြန်ကြေညာချက်အရ အရွယ်ရောက်ပြီး မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းဆောင်ရမည်ဖြစ်ကာ ရှောင်တိမ်းငြင်းဆိုသူများအား ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
“ဒီကိစ္စကို အသက်ဝင်မယ့် ညမှ ထုတ်ပြန်လာခဲ့တယ်။ သူတို့ အင်အားနည်းနေတော့ နည်းလမ်းအကုန် ထုတ်သုံးလာတဲ့ အနေအထားပဲ။ အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ရင်တွေပူနေရပြီပေါ့ဗျာ”ဟု တောင်ဥက္ကလာပနေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ စစ်မှုမထမ်းမနေရ ဥပဒေမှာ နအဖ လက်ထက် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာတွင် ထုတ်ပြန်ထားသော ပြည်သူ့ စစ်မှုထမ်းဥပဒေအား အကြမ်းဖက်စစ်ကောင်စီက ပြန်လည်အသက်သွင်း အတည်ပြုခြင်း ဖြစ်ကြောင်းနှင့် ယင်းထုတ်ပြန်ချက်များတွင် ဖော်ပြချက်အရ ဥပဒေ အသက်ဝင်သည့်အချိန်မှ စ၍ နိုင်ငံသားမှတ်ပုံတင်အတွင်း သတ်မှတ်ထားသော အသက်ပြည့်သူများအား မြို့နယ်အလိုက် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်များတွင် ပါဝင်သော အချက်အလက်များအရ စစ်မှုထမ်းရန်အတွက် သတ်မှတ်ချက်များတွင် အမျိုးသားများမှာ သာမန် အရပ်သားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လည်းကောင်း၊ အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ လည်းကောင်း၊ ဆရာဝန်၊ အင်ဂျင်နီယာများနှင့် အခြားသော အတတ်ပညာများ တတ်မြောက်ထားသူများ၊ အသက်မွေးသူများ ဖြစ်ပါက အမျိုးသားများမှာ ၄၅ နှစ်အထိ လည်းကောင်း၊ အမျိုးသမီးများမှာ ၃၅ နှစ်အထိ လည်းကောင်း စစ်မှုထမ်းရန် အကျုံးဝင်ကြောင်းလည်း သိရသည်။
“ပြောရရင်တော့ ခေါ်ချင်သလို ခေါ်မယ်ဆိုတာပဲ။ ဘယ်လိုမှကို မလွတ်ဘူ။ အရင်ကတည်းက ခြေလက်မသန်စွမ်း တွေ၊ သံဃာတွေလောက်ပဲ လွတ်တော့မှာ။ မဟုတ်ရင်တော့ သူတို့တပ်ထဲဝင် အသေခံဆိုတာမျိုးပဲ”ဟု တာမွေမြို့နယ်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ထွက်ပေါ်လာသော ဥပဒေအရ စစ်မှုထမ်းရမည့် ကာလမှာ နှစ်နှစ်မှ ငါးနှစ်အထိဖြစ်ကြောင်းနှင့် စစ်မှုထမ်းရန် စာရင်းမသွင်းသူများ၊ စစ်မှုထမ်းရန် ၄င်းတို့ ခေါ်ဆိုရာသို့ ရောက်မလာသူများ၊ အထောက်အထားများ လိမ်ညာတင်ပြသူများအား ထောင်ဒဏ် သုံးနှစ်အထိ လည်းကောင်း၊ စစ်မှုထမ်းရန် ကင်းလွတ်ရေးအတွက် ဆေးမအောင်စေရန်ကြိုးပမ်းပါက ထောင်ဒဏ် ငါးနှစ်အထိ လည်းကောင်း၊စစ်မှုထမ်းမဖြစ်ရန် ကူညီ အားပေးသူများအား ထောင် တစ်နှစ်အထိ လည်းကောင်း ချမှတ်ရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။