စစ်မှုထမ်းဥပဒေမှာ အကြမ်းဖက်စကစ စစ်ရှုံးနေကြောင်း လူသိရှင်ကြား ကြေညာချက် ဖြစ်သလို ၎င်းတို့၏ နောက်ဆုံး ထွက်သက်လည်းဖြစ်ဟု NUG တာဝန်ရှိသူဆို

4 months ago

“ဒါက စကစရဲ့ စစ်သားအင်အား လုံလောက်စွာ မရှိဘူးဆိုတာနဲ့ စစ်ရှုံးနေပြီဆိုတာ လူသိရှင်ကြား လုပ်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်”
NUG၊ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်
========
ဖေဖော်ဝါရီ ၁၁
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာလုစစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေမှာ အကြမ်းဖက်စစ်တပ်၏ စစ်ရှုံးနေကြောင်း လူသိရှင်ကြားဖော်ထုတ်ချက်တစ်ခုဖြစ်သလို စကစ၏ နောက်ဆုံးထွက်သက် ဟု ပြောရမည့် အနေအထားဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ပြောကြားလိုက်သည်။
“ပြည်သူတွေကို အသုံးချပြီး လူသားဒိုင်းအဖြစ်လုပ်တဲ့ လူမဆန်ဆုံးလုပ်ရပ်အဖြစ် ပြောနိုင်ပြီး ဒါဟာ စကစရဲ့ စစ်သားအင်အား လုံလောက်စွာ မရှိဘူးဆိုတာနဲ့ စစ်ရှုံးနေပြီဆိုတာ လူသိရှင်ကြား လုပ်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်။ ပြီးတော့ စစ်ရေးအရှိန်တွေ ပိုမြင့်မားလာပြီး စစ်ရဲ့ အနိဌာရုံတွေ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာမယ်။ အဲဒီ ဥပဒေကို ရှောင်လွှဲလိုကြတဲ့ လူငယ်တွေ ပညာတတ်တွေဟာ တော်လှန်ရေး အင်အားစုတွေဆီကို ပိုမိုပူးပေါင်းပါ၀င်လာမှာဖြစ်လို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဒါတွေအတွက်လည်း ကြိုတင်ပြင်ဆင်ကြဖို့လည်း လိုပါမယ်။ ဒါဟာ စကစအတွက် နောက်ဆုံး ထွက်သက်လို့ ပြောရမယ့် အနေအထားမျိုးဖြစ်သလို တချိန်က ကြားနေ ခဲ့ကြတဲ့ လူတန်းစားတွေအတွက်လည်း အခက်အခဲဆုံး အခြေအနေဆိုက်ရောက်လာတာဖြစ်တယ်” ဟု ဦးလင်းသန့်က Spring of Burma Media သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်မှုမထမ်းမနေရ ဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်ဝင်ကြောင်းကြေညာပြီးနောက် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ စိတ်ပျက်မှုများစွာ ဖြစ်ခဲ့ရကြောင်း သိရသည်။
“အခုက သူတို့လုပ်ချင်ရာ ပိုလုပ်လို့ရအောင် ဂွင်ဆင်လိုက်တာလို့ မြင်မိတယ်။ ငွေတောင်းလို့လည်း ကောင်းမယ်။ လူငယ်တွေကိုလည်း ကြိုက်တဲ့နေရာ ကြိုက်သလို ဆွဲချ၊ ဖမ်းခေါ်သွားလို့ရမယ်။ သူတို့ သတ်မှတ်ချက်မှာ အကုန်အလွတ်ကြီး၊ အကျယ်ကြီးဖြစ်အောင် ထားထားတာမို့ ဒါက ဘယ်သူမဆို သူတို့ သတ်မှတ် အသက်ပြည့်ကျော်ပြီဆိုပြီး စိတ်ချနေခွင့် မရှိအောင် လုပ်ထားတာဖြစ်တယ်”ဟု လက်ရှိအချိန်အထိ တော်လှန်ရေးတွင် ပါဝင်နေသူ ထောက်ပို့ရဲဘော် တစ်ဦးက ပြောခဲ့သည်။