စစ်မှုထမ်းဥပဒေကို အား‌ပေးကူညီသူ အားလုံးအား ရန်သူအဖြစ် သတ်မှတ်ကာ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု MSRF အသိပေး

3 months ago

“လက်နက်ကိုင်ထားတယ်ဆိုရင် စစ်ကောင်စီရဲ့ မိတ်ဆွေဖြစ်တယ်။ ရန်သူအဖြစ် ကျွန်တော်တို့ သတ်မှတ်မယ်”
======
မတ် ၂၉
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်‌ဖော်ရန် ဝိုင်းဝန်းကူညီပံ့ပိုးသူ အားလုံးသည် စစ်ကောင်စီ သက်ဆိုးရှည်ရန်အတွက် အထောက်အကူပြုနေကြသူများဖြစ်၍ ရန်သူအဖြစ် သတ်မှတ်ကာ ကြီးလေးသည့် ပြစ်ဒဏ်များ ပြင်းပြင်းထန်ထန်ချမှတ်သွားမည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ပြောခွင့်ရ နိုင်နဂါးက ပြောသည်။
“စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းကူညီပံ့ပိုးသူ အားလုံးက စစ်ကောင်စီသက်ဆိုးရှည်ဖို့အတွက် အထောက်အကူပြုနေကြတဲ့သူတွေဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်တယ်။ အခုလို စစ်ကောင်စီ အင်အားတိုးဖို့အတွက် ပြည်သူတွေကို ပိုပြီး ဒုက္ခပေးနိုင်ဖို့အတွက် အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးကို ကြန့်ကြာစေမယ့် လုပ်ရပ်တွေအားလုံးကို ရပ်လိုက်ကြပါလို့ သတိပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် လက်နက်ကိုင်ဆောင်ထားသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း လက်နက်များကို ပြန်လည်အပ်ကြရန်နှင့် သို့မဟုတ်ပါက ရန်သူအဖြစ်သတ်မှတ်ကာ ချေမှုန်းသွားမည်ဟုလည်း နိုင်နဂါးက ပြောသည်။
“နောက်တခုရှိတာက စစ်ကောင်စီက ထုတ်ပေးထားတဲ့ လက်နက်နဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အားလုံးကိုလည်း ထပ်ပြီး အသိပေးချင်တာက အဲဒီလက်နက်ကို ပြန်အပ်လိုက်ပါ။ မဟုတ်ရင်တော့ ကျွန်တော်တို့ မူဝါဒအရ စစ်ကောင်စီနဲ့အတူ တွဲပြီးတော့ လက်နက်ကိုင်ထားတယ်ဆိုရင် စစ်ကောင်စီရဲ့ မိတ်ဆွေဖြစ်တယ်။ စစ်ကောင်စီနဲ့အတူ လုပ်ဆောင်နေတဲ့လူအဖြစ် ကျွန်တော်တို့ သတ်မှတ်မယ်။ ရန်သူအဖြစ် သတ်မှတ်တယ်။ အဲဒီတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံပြီးတော့ ဝိုင်းဝန်းကူညီနေကြတဲ့ ထွေအုပ်တွေ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုတယ်။ ဆက်လက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရမယ်။ လက်ထဲမှာ လက်နက်ရှိရင် စစ်ကောင်စီကို ချေမှုန်းသလို ထွေအုပ်တွေကိုလည်း ရန်သူလိုပဲ သတ်မှတ်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ယင်းက ဆက်လက် အသိပေး ပြောကြားသည်။
လက်ရှိ မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေကို အားပေးကာ အကောင်အထည်ဖော်သူတိုင်းအား ပြင်းထန်စွာ အရေးယူသွားမည်ဟု ‌ဒေသတော်လှန်ရေးအဖွဲ့များက သတိပေးထားကြပြီး‌နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒလန် တချို့ ရှင်းလင်းခံထားရသည်များလည်း ရှိလာသည်။
“ကျိုက်ထိုမှာ လက်နက်ကိုင် ဘုန်းကြီးကို ရှင်းလိုက်တဲ့ ရုပ်သံကလည်း တော်တော်လေး ဂယက်ရိုက်နေတယ်။ ရှင်းလိုက်တယ်ဆိုတာတွေက သတင်းတွေ တက်လာပေမယ့် အခုလို ရုပ်သံ သေချာရိုက်ပြီး ရှင်းလင်းလိုက်တာက ပိုပြီး အုပ်ကြီးတွေအတွက်တော့ ပိုပြီး အခြေအနေဆိုးသွားစေတာပေါ့” ဟု မွန်ဒေသခံတစ်ဦးက ဆိုသည်။
ယင်းသို့ စစ်မှုထမ်းဥပဒေကို အားပေးကူညီသူများအား ဆက်တိုက်ရှင်းလင်းလာမှုများကြောင့် အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာများ တင်လာကြသည်ဟူ၍လည်း မီဒီယာအချို့တွင် ဖော်ပြထားချက်အရ သိရသည်။