စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ခြိမ်း‌ခြောက်ငွေညှစ်‌နေသော ပလောက်မြို့ရှိ စစ်ကောင်စီ လက်ဝေခံ ၇ ဦးအား ထိရောက်စွာ အရေးယူမည်ဟု ပုလော PDF သတိပေး

3 months ago

မတ် ၂၇
တနင်္သာရီတိုင်း၊ ပလောက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ “ပြည်သူ့စစ်မှုထမ်း”ဥပဒေကိုအကြောင်းပြု၍ ပြည်သူလူထုကို ခြိမ်းခြောက်အကြပ်ကိုင်ငွေညှစ်မှုများ ပြုလုပ်နေသော စစ်ကောင်စီလက်ဝေခံ ၇ ဦးအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။
ပြည်သူလူထုအား ဒုက္ခပေးနေသော ပလောက်မြို့ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အကြမ်းဖက် လက်နက်ကိုင် ပျူစောထီးများဖြစ်ကြသည့် စုကန်း၊ မဲလေး၊ ဝင်းချို၊ စုကြီး၊ မတ်တလီ၊ အာလီ၊ စီတုံး စသည့် စစ်ကောင်စီ လက်ဝေခံ ၇ ဦးတို့အနေဖြင့် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၏ သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေပါက ကြီးလေးသည့် နောက်ဆက်တွဲများကို ခံစားရမည်ဖြစ်ကြောင်း သတိပေးထားသည်။
“ပလောက်မြို့မှာ စစ်မှုထမ်းကိစ္စက လက်ရှိမှာ မဲနှိုက်တာ၊ ဆင့်ခေါ်စာပို့တာတွေအပြင် အချို့ဆို အိမ်ပေါ်အထိ တက်ပြီး အတင်းအဓမ္မ အခေါ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ပလောက်အနောက်ကမ်း အုပ်ချုပ်ရေးမှူးဆိုရင် စစ်မှုမထမ်းချင်ရင် သိန်း ၂၀ ပေး ဆိုပြီး ပေါ်တင်တောင်းတာမျိုးတွေ လုပ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းခန့်ကျော်က ပြောသည်။
ဒေသခံ ပြည်သူလူထုသည် စစ်ကောင်စီ၏ လက်ဝေခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အကြမ်းဖက်လက်နက်ကိုင် ပျူစောထီးများ၏ ဗိုလ်ကျအနိုင်ကျင့်မှုများကြောင့် ဒုက္ခပင်လယ်ဝေ၍ နေ့စဉ်နဲ့အမျှ သောကရောက်နေကြရသည်ဟု ဆိုသည်။
ပလောက်မြို့တွင် တိုင်းဗဟို(၁၂)ဟု ခေါ်ကြသည့် အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ရှိပြီး ပုလောမြို့နယ်အနေဖြင့်ဆိုပါက ပလောက်မြို့သည် စစ်ကောင်စီအတွက် အဓိကမြို့ဟု ဆိုနိုင်ကြောင်းနှင့် လက်ရှိတွင် ပလောက်မြို့အား စစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီက တနင်္သာရီတိုင်း ဒေသအချို့တွင် စစ်မှုထမ်းစာရင်းပါသူများအား မတ် ၂၈ ရက်မှ စတင်ပြီး ဆေးစစ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတချို့တွင် ဖော်ပြထားသည်။
ပုံစာ – တနင်္သာရီတိုင်းရှိ အကြမ်းဖက်တပ်ဖွဲ့ဝင်တချို့။
Photo – CJ