စစ်မှုထမ်းဂယက် အခြေခံလူတန်းစားများတွင် ပိုမိုသက်ရောက်နေ

3 months ago

“တစ်အိမ်တည်းက ညီအစ်ကို နှစ်ယောက်စလုံး မဲပေါက်တာမျိုး။ မဲကလည်း ကိုယ်တိုင်နှိုက်ရတာ မဟုတ်ဘူး။ ပေါက်မှ သိရတာမျိုးတွေ”
ရန်ကုန်တွင် နေထိုင်သူတစ်ဦး
========
မတ် ၁၈
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ နေရာဒေသ အသီး သီးတွင် စစ်မှုမထမ်းမနေရ ဥပဒေအသက်ဝင်လာရေးအတွက် မဲနှိုက်လူရွေးချယ်ခြင်း၊ မိဘများထံ ဆင့်ခေါ်စာ ပေးပို့ခေါ်ယူခြင်းများကို ဆက်တိုက်ပြုလုပ်နေကာ ၎င်းလုပ်ရပ်များမှာ ရှောင်တိမ်းနိုင်ခြင်းမရှိသော အခြေခံလူတန်းစား လူငယ်များထံ ပိုမိုသက်ရောက်နေကြောင်း သိရသည်။
“မဲပေါက်တဲ့ မိသားစုတွေ ငိုယိုနေကြတာ။ တချို့ဆို တစ်အိမ်တည်းက ညီအစ်ကို နှစ်ယောက်စလုံး မဲပေါက်တာမျိုး။ မဲကလည်း ကိုယ်တိုင်နှိုက်ရတာ မဟုတ်ဘူး။ ပေါက်မှ သိရတာမျိုးတွေ။ အနိမ့်ဆုံး၊ အသိုင်းအဝိုင်း မရှိဆုံး လူကိုမှ ရွေးဖောက်လိုက်တာ”ဟု ရန်ကုန်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။
ယင်းသို့ စစ်မှုထမ်းဥပဒေ ဂယက်များကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှလည်း ရွေးချယ်ရန်ခက်ခဲသည့် လူငယ်များ အတွက် လမ်းကြောင်းများစွာ ဖွင့်ပေးထားသော်လည်း မိသားစုထဲမှ ထွက်ခွာသွားရန် လုံးဝ အဆင်မပြေသော လူငယ်များမှာ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မလူစုဆောင်းခံရမှုတွင် ရှောင်လွှဲမရသည့် အနေအထားဖြင့် ရင်ဆိုင်နေကြရကြောင်းသိရသည်။
“လူစားထိုးလို့ လွယ်နေတယ်လေ။ လုပ်ပုံတွေက။ အဲဒီတော့ ရပ်ကွက်က လုပ်စားအုပ်စုကြီးက သူဌေးဖြစ်ပြီး အနွမ်းပါးဆုံး လူတန်းစားက လူငယ်တွေ ခံရပြီပေါ့။ ပေါက်စျေးကလည်း တစ်ယောက်ကို သိန်း ၃၀ ကနေ ၅၀ အထိ ပေါက်နေတယ်။ နာမည်စာရင်း မပါချင်ရင် သိန်း ၃၀ အရင်ပေးရတာမျိုး။ အခုက ရန်ကုန်မှာဆိုရင် ဆင့်ခေါ်စာ ဆိုတာမျိုး အရင်လာတယ်။ ပြီးရင် အစည်းအဝေးတွေခေါ်ပြီး ဖောင်တွေဖြည့်ခိုင်းတာ”ဟု ရန်ကုန်မြို့နေသူ တစ်ဦးက Spring of Burma Media သို့ ပြောသည်။
ယင်းအပြင် ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် စစ်မှုထမ်းရန် ရွေးချယ်ထားပြီဟုဆိုကာ ဆင့်ခေါ်ခံထားသော လူငယ်တစ်ဦးကလည်း “ကျွန်တော့် ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။ အဲဒီစာကို ကျွန်တော့် မိဘတွေကတော့ လက်ခံ လက်မှတ်ထိုးမှာ မဟုတ်ဘူး”ဟု ဆိုသည်။
အဆိုပါ စစ်မှုထမ်းဥပဒေ အချက်အလက်များနှင့် စစ်မှုထမ်းရန် အသက်အရွယ်များနှင့် ရှောင်တိမ်းပါက ကျခံရမည့် ထောင်ဒဏ်များနှင့် ပတ်သက်သည်များအား ရပ်ကွက်များတွင် လော်စပီကာများဖြင့် လိုက်လံအော်နေခြင်းများ ရှိကြောင်းလည်း သိရသည်။
“လော်တွေနဲ့ လိုက်အော်ပြီး တချို့ နေရာတွေမှာ အိမ်ထောင်စုစာရင်းတွေပါ သိမ်းသွားကြတယ်”ဟု ပုသိမ်မြို့မှ ဒေသခံတစ်ဦးကလည်း ပြောပြသည်။
အဆိုပါ ဆင့်ခေါ်စာဟု ဆိုသည့် အတင်းအကြပ် စစ်မှုထမ်းရန် ခေါ်သည့် စာလက်ခံရရှိသူများအနေဖြင့် ယင်းစာ အထောက်အထားနှင့်အတူ ပြည်သူ့ရင်ခွင် – People’s Embrace ကို ဆက်သွယ် သတင်းပေးထားနိုင်ကြောင်းနှင့် စစ်မှုထမ်းရန်ဟုဆိုကာ ဆင့်ခေါ်ခံရသူများအား ယင်းအဖွဲ့မှ အတတ်နိုင်ဆုံး ကူညီပေးရန် အစီအစဉ်ရှိကြောင်းလည်း ဆိုထားသည်။