စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံး‌ခဲ့သည့် ဝေလူးရွာဖြစ်စ‌ဉ်အား CDF-မတူပီမှ ကန့်ကွက် ရှုတ်ချ၊ စစ်ရေး အရှိန်မြှင့်သွားမည်ဟုဆို

7 months ago

နိုဝင်ဘာ ၁၉
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံး‌ကာ ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည့် ဝေလူးရွာဖြစ်စ‌ဉ်နှင့် ပတ်သက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်းလုပ်ရပ်မျိုးကြောင့် စစ်ရေးအရှိန် ပိုမိုမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ရှိတဲ့ နေရာတွေ၊ တပ်စခန်းတွေကို ဗုံးလာကြဲတယ်၊ လာတိုက်တယ်ဆိုတာက ဖြစ်သင့်တဲ့ အရာလို့ လက်ခံလို့ရတယ်။ အခုဟာက လုံးဝ ဘာမှမဆိုင်တဲ့ ပြည်သူကို ဘလိုင်းကြီး ပစ်မှတ်ထားပြီးမှ ဗုံးကြဲတိုက်ခိုက်တာကိုတော့ ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ဘူး။ စိတ်မကောင်းစရာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရင်ကတော့ သူတို့ မြို့ပြင်ထွက်မှ ပစ်တာတွေ၊ တိုက်ပွဲဖော်ဆောင်တာတွေ ရှိတယ်။ အခုကတော့ အဲဒီထက်တော့ ပိုပြီး အရှိန်မြှင့်သွားဖို့ ရှိမယ်။ စစ်ဆင်ရေးတွေ ပိုလုပ်သွားဖို့ ရှိလိမ့်မယ်။ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးကို ပြည်သူတွေလည်း လုံးဝ စိတ်နာနေပြီ။ ဒီနေရာတွေက မြို့နဲ့ အရမ်းဝေးတဲ့ နေရာတွေ ဆိုတော့ သေနတ်သံတောင် မကြားဖူးတဲ့ ရွာလေးတွေ ဖြစ်တယ်။ အခု သူတို့ လက်တွေ့ ဒီလို ကြုံနေရတော့ အကုန် လန့်ကုန်ကြတယ်။ ဒီလို အပြစ်မဲ့ ကလေးတွေပါ အသက်ဆုံးရှုံးရတာကြောင့် ဒီမြို့နယ်အတွင်းမှာ ရှိတဲ့ စကစတပ်စခန်းတွေကို ကျွန်တော်တို့ ပိုပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်သွားဖို့ ရှိပါမယ်” ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက Spring of Burma မီဒီယာသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ နှစ်စီးဖြင့် မတူပီမြို့နယ်၊ ဝေလူးကျေးရွာအား အကြောင်းမဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ ကလေးသူငယ် ၈ ဦးအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံး၊ အပြစ်မဲ့ ကလေးသူငယ် ၁ ဦး၊ ပြည်သူ ၃ ဦး ဒဏ်ရာရှိကာ လူနေအိမ် ၂၂ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၂ ဆောင်အား ပျက်စီး‌စေခဲ့ကြောင်း သိရသည်။
ထိုသို့သော လုပ်ရပ်မျိုးကြောင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီမှ စစ်ရေးအရှိန် ပိုမိုမြှင့်သွားဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့် လူမျိုးများအတွက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။