စစ်ကောင်စီအနေဖြင့် ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းထက် သတ္တိရှိရှိဖြင့် တော်လှန်ရေးသမားများနှင့်သာ တိုက်သင့်ဟု MSFC ၏ ပြောခွင့်ရ နိုင်မွန်စိုင်း ဆို

3 months ago

မတ် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်က တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့သည့်ဖြစ်ရပ်အား လက်မခံနိုင်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် သတ္တိရှိရှိဖြင့် တော်လှန်ရေးသမားများနှင့်သာ တိုက်သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ပြောသည်။
“ဒီလို အပြစ်မဲ့ပြည်သူတွေကို Target ထား တိုက်ခိုက်တာ ကျွန်တော်တို့ဘက်ကတော့ လက်မခံနိုင်ပါဘူး။ သတ္တိရှိရှိနဲ့ တော်လှန်ရေးသမားတွေနဲ့ တိုက်တာမျိုးပဲ ဖြစ်သင့်တယ်။ နောက်တခုကတော့ ဒီလိုမွန်ရွာတွေကို မီးရှို့တိုက်ခိုက်ခြင်းက ဒီဘက်မှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အားလျော့သွားမှာတော့ မဟုတ်ဘူး။ ဒီလိုကိစ္စတွေကြောင့် တော်လှန်ရေးအဖွဲ့တွေကြားမှာ ပိုပြီး စုစည်းလာမယ်။ ပြည်သူတွေလည်း ပိုပြီး ထောက်ခံလာမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ကတော့ ဒီလို ဖြစ်ရပ်မျိုးတွေ ကြုံရတိုင်းမှာ ပြန်ပြီး တော်လှန်ကြမှာပါပဲ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီက ဓမ္မသရွာနှင့် အနီးတဝိုက်ရွာများအား ရေကြောင်း၊ လေကြောင်း‌၊ ကုန်း‌ကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကာ အဆိုပါရွာများမှ ဒေသခံများ စစ်ရှောင်နေကြရကြောင်း သိရသည်။
“ဇာသပြင် ၈၁ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်နေတယ်။ သင်္ဘောနှစ်စီးကနေလည်း ပစ်တယ်။ နောက်ထပ် အနီးနား ရွာလေးငါးရွာကိုလည်း လေယာဉ်နဲ့ ပစ်တာတွေ ရှိတယ်။ အခုအဲဒီရွာတွေက စစ်ဘေးရှောင်တွေက ချောင်းဆုံတို့၊ မော်လမြိုင်ဘက်တို့မှာ ရှောင်နေကြရတယ်။ တော်တော်ကို ဆိုးပါတယ်။ နာရီခြားပြီး တနေကုန်ကို ပစ်နေတာ၊ တောက်လျှောက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုလို အပြစ်မဲ့ပြည်သူများအား Target ထား တိုက်ခိုက်မှုများမှာ စစ်တပ်၏ လုပ်ရိုးလုပ်စဉ်ဖြစ်ရပ်တခုသာ ဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် တော်လှန်ရေးက ပျက်ပြားသွားမည် မဟုတ်ဟုလည်း နိုင်မွန်စိုင်းက ဆိုသည်။
“ကျွန်တော်တို့က ၁၉၄၈ ခုနှစ်ကတည်းက ကျွန်တော်တို့ မွန်တွေ၊ ကရင်တွေ ကျွန်တော်တို့ အခွင့်အရေးအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ကြတဲ့ အခါမှာလည်း အဲဒီလိုပဲ ရွာတွေကို မီးရှို့ခဲ့တယ်။ ကျွန်တော်တို့ကို ဖိနှိပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးက မပျက်ပြားသွားပါဘူး။ ဒါကြောင့် ဘယ်လိုပဲ ဖိနှပ်မှုတွေ လုပ်ပါစေ။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးက ဆက်ပြီး ရှင်သန်နေမှာပါပဲ” ဟု ယင်းက ဆက်လက်ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ဓမ္မသရွာကို မတ် ၂၇ ရက်နေ့တွင်လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှနေ၍ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့ခြင်းကြောင့် လူနေအိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့ရပြီး မွန်ပြည်သူအများစု အပါအဝင် ပြည်သူထောင်ချီ စစ်ဘေးရှောင်နေကြရသည်။
ပုံစာ – စစ်ကောင်စီက လက်နက်ကြီးပစ်ခတ် မီးတင်ရှို့ခဲ့သော ဓမ္မသရွာ။
Photo – CJ