စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာခြင်းကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲသွားမည်ဟု NCA လက်မှတ်ရေးထိုးထားသည့် PNLA ထုတ်ပြန်ကြေညာ

5 months ago

ဇန်နဝါရီ ၂၇
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသော်လည်း စစ်ကောင်စီဘက်မှ တိုက်ပွဲစခဲ့ခြင်းကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲများ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်လိုက်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အခြေစိုက်ခြေလျင်တပ်ရင်း- ခလရ(၄၂၄)တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းက နေဝင်းထွန်းဦးဆောင်သည့် စကစနှင့် စစ်ကောင်စီလက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ ခန့်နှင့်လည်း ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ PNLA အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း မပြုသော်လည်း PNO ပြည်သူ့စစ်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်မောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ၌ ပြည်သူ့စစ်အလောင်း တစ်လောင်းနှင့် လက်နက် တစ်လက်ကျန်ခဲ့သည်ဟု အသိပေးထားသည်။
ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း ပြုမည်မဟုတ်သည့်အတွက် PNLA တပ်ရှိရာနေရာသို့ မလာရန်နှင့် စစ်ကောင်စီနှင့် ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးညှိနှိုင်းသော်လည်း နေဝင်းထွန်းဦးဆောင်သည့်တပ်က ညှိနှိုင်းမှုကိုလက်မခံဘဲ လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည် မောင်းထုတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖြစ်သော်လည်း ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာ၌ PNLA ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO တပ်က ဟန့်တား၍ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကာ အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်မီး မကူးစက်စေရန် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ဇန်နဝါရီ ၂၂ ရက် ညတွင် စစ်ကောင်စီတပ်သည် PNLO ဌာနချုပ် အဝန်းအဝိုင်းရှိ နောင်ထောဝ်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇန်နဝါရီလ ၂၄ ရက် ညနေမှစတင်၍ PNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ရဲစခန်းကို ကနဦး သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီတပ်၏ ခလရ ၄၂၄ တပ်ရင်းကိုပါ PNLA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PNLO/PNLA အနေဖြင့် NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သည်မှာ တိုက်ပွဲမဖြစ်ခင်ကာလအထိ ဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်သည့် စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာ ဖြစ်ကြောင်း၊ ထို့ပြင် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။
၎င်းအပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်းကြောင်းလည်း PNLAက ဆိုထားသည်။