စစ်ကောင်စီက တအာင်းမြို့ ၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် TNLA က စစ်ရေးကာလအတွင်း လိုက်နာရမည့် ကန့်သတ်ချက်အမိန့်များအား ရုပ်သိမ်းကြောင်း ထုတ်ပြန်

3 months ago

မတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မြို့ ၇ မြို့တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့် အပါအဝင် စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် ကန့်သတ်ချက်အမိန့်များအား ရုပ်သိမ်းလိုက်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့ မတ် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၎င်းတို့၏ စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်လိုက်သည့် မြို့များတွင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ မထွက်ရအမိန့်၊ ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရအမိန့်များကို လိုအပ်သလို ထုတ်ပြန်ထားပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် စီမံအုပ်ချုပ်သည့် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ TNLA ဦးဆောင်အုပ်ချုပ်သည့် မြို့ရွာဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတို့ဖြင့် အကောင်အထည်ဖော်နေကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်နေချိန်တွင် စစ်ကောင်စီသည် မတ် ၄ ရက်နေ့က တအာင်းမြို့နယ်တချို့အား စစ်အုပ်ချုပ်ရေးကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။
ရှမ်းမြောက်ဒေသတွင် တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန် လွှဲအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက မတ် ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
May be an image of text
ယင်းသို့ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာချက်က ၎င်းဒေသအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာစေနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူတချို့ကလည်း သုံးသပ်ပြောဆိုထားသည်ကို တွေ့ရသည်။
TNLA သည် မြောက်ပိုင်းညီနောင်မဟာမိတ်တို့နှင့်အတူ တရုတ်နိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုဖြင့် စစ်ကောင်စီတပ်နှင့် ဟိုင်ဂင်သဘောတူညီချက်စာချုပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ တအာင်းဒေသအပါအဝင် မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် လုံခြုံရေးစီမံချက်များကို စနစ်တကျ ပြင်ဆင်ဖော်ဆောင်ထားပြီး ဒေသတွင်းစီမံအုပ်ချုပ်ရေး လုပ်ငန်းများ ထိုက်သင့်စွာ လည်ပတ်နေပြီဖြစ်သည့်အတွက် ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းသည်ဟု ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA သည် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။