စစ်ကိုင်းရှိ ကြွယ်ပုံ ပျူ‌ကျေးရွာအား လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ

4 months ago

ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် ပျူစောထီးများ အခြေစိုက်ရာ ကြွယ်ပုံကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် သုံးနှစ်ပြည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၊ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် Demo​​​ ပေါက်ကွဲလက်နက်ကြီးအဖွဲ့တို့ ပူးပေါင်း၍ ၎င်းတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျူအင်အား ခြောက်ဆယ်ကျော်နဲ့ စစ်ကောင်စီအင်အား နှစ်ဆယ်ခန့်ဟာ အာဏာသိမ်းပြီး မကြာမီကတည်းက ကြွယ်ပုံရွာမှာ အထိုင်ချထားတာပါ။ အခု တိုက်ခိုက်ခဲ့ရာမှာ လက်လုပ် ၆၀ နဲ့ ၈၀ ဗုံးသီးနဲ့ တိုက်ခိုက်ပစ်ခတ်တာဖြစ်ပြီး ရန်သူ့ဘက်က လက်နက်ငယ်/စနိုက်ပါနဲ့ ပြန်လည်

ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်မှုကတော့ အတိအကျ မပြောနိုင်ပါဘူး။ ပျူနှစ်ယောက် ဒဏ်ရာပြင်းထန်ပြီး စစ်ကိုင်းဆေးရုံကို ရောက်ရှိနေတယ်လို့ သိရတယ်။ ရွာထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေ များကြောင်း သိရပါတယ်” ဟု PLA မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် စကစဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ကားများဖြင့် စစ်ကိုင်းဘက်သို့ သယ်ဆောင်နေသည်ဟုလည်း ဆိုသည်။
ယခုတိုက်ခိုက်မှုတွင် ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။