စကစ က စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တချို့ ဖမ်းဆီးခံရမှုများ ရှိလာ

4 months ago

“တော်လှန်ရေး အင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နေရာက ပြည်သူတွေအတွက်တော့ ဒီဥပဒေဟာ သက်ရောက်မှု မရှိတာကြောင့် ဂရုစိုက်စရာ မရှိပါဘူး”
NUG တာဝန်ရှိသူ
========
ဖေဖော်ဝါရီ ၁၁
အကြမ်းဖက်စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကိုင်းနှင့် ပဲခူးရှိ လူငယ်တချို့ အဖမ်းဆီးခံရမှုများ ရှိလာကြောင်း သိရသည်။
“သူတို့ လူတွေ စလိုနေပြီ ဆိုကတည်းက ပဲခူးဘက်မှာ နေရာအနှံ့က လူငယ်တွေကို ပေါ်တင်ဆွဲတာရော၊ ဒီအတိုင်း လူစုဖို့ ခေါ်တာရော လုပ်ခဲ့တယ်။ အခုက ပိုပြီး လုပ်လို့ ကောင်းသွားတာမို့ လူငယ်တွေ သတိနဲ့နေရမယ့် အခြေအနေ ဖြစ်နေပြီ”ဟု ပဲခူးနေ ပြည်သူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် ပြည်သူများ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကိုင်းနှင့် ပဲခူးဘက်တွင်သွားလာနေသော ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကာ စစ်ကိုင်းတိုင်းအတွင်း တစ်ရက်တည်းမှာပင် ၄၀ ခန့် ဖမ်းဆီးခံထားရကြောင်းလည်း ခေတ်သစ်မီဒီယာတွင် ဖော်ပြထားချက်အရ သိရသည်။
” စကစ က စစ်မှုထမ်းဥပဒေ မထုတ်ခင်ကတည်းက လူငယ်ရှိတဲ့ အိမ်တွေကို စစ်မှုထမ်းဖို့ ခိုင်းတယ်။ ပြည်သူ့စစ်အနေနဲ့ စစ်မှုမထမ်းချင်ရင် ၇ သိန်းပေးလိုက်ရင် ရတယ်။ သူတို့ဆီ စစ်မှုထမ်းချင်ရင် တစ်လ တစ်သိန်း ပြန်ပေးမယ်ဆိုပြီးခေါ်နေတာ”ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယင်းသို့ ဥပဒေများ ထုတ်ပြန်ထားသော်လည်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသောနယ်မြေများတွင် ယင်းဥပဒေ သက်ရောက်မှုရှိမည် မဟုတ်ကြောင်းလည်း အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူက ပြောသည်။
“ဥပဒေမှာ ဂယ်ပေါက်တွေရှိတာ အထင်အရှားရှိတာ ဖြစ်လို့ လာဘ်ပေးလာဘ်ယူတွေ ပိုများလာမယ်။ အခန့်မသင့်ရင် အချိန်မရွေး စစ်မှုထမ်း ဥပဒေက ပြည်သူ့လုံခြုံရေးကို အမြဲခြိမ်းခြောက်နေမှာဖြစ်တယ်။ ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နေရာက ပြည်သူတွေအတွက် ဒီဥပဒေဟာ သက်ရောက်မှုမရှိတာကြောင့် ဂရုစိုက်စရာမရှိပါဘူး” အမျိုးသားညီညွတ်ရေးအစိုးရ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က Spring of Burma Media သို့ ပြောခဲ့သည်။