ဂန့်ဂေါ၊ မြောင်ခင်ရန်းတိုက်ပွဲတွင် အဖမ်းခံရသော ရဲဘော်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

5 months ago

ဖေဖော်ဝါရီ ၆
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း (ပျူ) ရွာတိုက်ပွဲတွင် ဖမ်းဆီးခံလိုက်ရသည့် ယောကာကွယ်ရေးတပ် – YDF ရဲဘော် နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံများက ကြိုးများတုပ်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်အထိုင်ချထားသည့် မြောင်ခင်ရန်းကျေးရွာကို ယောကာကွယ်ရေးတပ် -YDF၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် – YPDF၊ ချင်းအမျိုးသားတပ်မတော် – CNA၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – CDF-KKG၊ နဂါးညီနောင်ပကဖ၊ ယောညီနောင် ပကဖတို့ ပူးပေါင်းကာ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး အဆိုပါ ရဲဘော် နှစ်ဦးမှာ တိုက်ပွဲအတွင်း အဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူများက ကြိုးတုပ် ရိုက်နှက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ချိန် ကျေးရွာသားများကို ဝိုင်းဝန်းကြည့်ရှုခိုင်းခဲ့ပြီး သတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံများက အောင်ပွဲခံခဲ့ကြသည်ကို ရုပ်သံတွင် မြင်တွေ့ရသည်။
မြောက်ခင်ရန်းကျေးရွာတိုက်ပွဲမှာ နှစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီဘက်မှ အသာစီးရကာ YDF တပ်ဖွဲ့မှ ရဲဘော် နှစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ငါးဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရကာ အရပ်သားပြည်သူ (၁) ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က YDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး YDF ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပါ။