ဂန့်ဂေါ၊ မင်းရွာရဲကင်းစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး အရှင်ဖမ်းမိ ထွက်ပြေးသူများအား နယ်မြေရှင်းလင်းရင်း လိုက်လံ ဖမ်းဆီးနေ

8 months ago

နိုဝင်ဘာ ၄
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်း တိုက်ပွဲဖော်ဆောင်ခဲ့ရာ လက်နက်ခဲယမ်းများစွာနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၁ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
“ဟုတ်ကဲ့ ထုတ်ပြန်ချက်ထဲကလိုပါပဲဗျ။ ၁၁ ဦးက အညံ့ခံပြီး ၆ ဦးက သေပါတယ်။ ထွက်ပြေးသူတွေလည်း ရှိပါတယ်။ သူတို့ကို နယ်မြေရှင်းလင်းရင်း လိုက်ဖမ်းနေကြပါတယ်” ဟု ABSDF Column-3 မှ တာဝန်ရှိသူကပြောသည်။
 
အဆိုပါ စခန်းသိမ်းတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စကစ ၄ ဦးမှာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“အဲဒီ စခန်းမှာ မိသားစုဝင်တွေ ရှိတယ်လို့တော့ မသိဘူး။စကစ လက်အောက်ခံ ရဲနဲ့ စခ တပ်တွေပဲ တွဲထိုင်တယ်လို့ သိရပါတယ်” ဟု ABSDF Column-3 မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
 
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ G-3 သေနတ် ၁၁လက် ၊G-4 သေနတ် ၁လက် ၊MA-1 သေနတ် ၁လက် ၊ MA- 3 သေနတ် ၁လက် ၊ MA-4 သေနတ် ၁လက် ၊ ၄၀မမ ၁လက် ၊ ၆၀မမ ၁လက် ၊ခြောက်လုံးပြူး သေနတ် ၂လက် ၊G3ကျည်၃၇၇၀တောင့် ၊ MA ကျည် ၂၀၃၀ တောင့် ၊ ၆၀မမ ဗုံးသီး ၃၂လုံး၊ နင်းမိုင်းကြီး ၁၀လုံး ၊နင်းမိုင်းသေး ၁၀လုံး ၊လက်ပစ်မိုင်း ၆လုံး ၊ တိုက်မိုင်း ၁၀လုံး အပါအဝင် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများစွာသိမ်းဆည်းရရှိခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။