ဂန့်ဂေါမြို့မရဲစခန်း အချုပ်ခန်းများတွင် အချုပ်သား ၉၀ ဝန်းကျင် နိုင်ငံရေးပုဒ်မဖြင့် မတရား ထိန်းသိမ်းခံထားရပြီး ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရ

3 months ago

မတရား အမိန့်ချခံထားရသည့် နိုင်ကျဉ်း ၄၀ ကျော်ကိုလည်း အကျဉ်းထောင်သို့ မပို့သည့်အတွက် အကျဉ်းသားအခွင့်အရေးများလည်း ထပ်မံ ဆုံးရှုံးနေရ
================
မတ် ၂၀
မကွေးတိုင်း ဂန့်ဂေါမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးလှဇော်ဝင်း ဦးဆောင်အုပ်ချုပ်သည့် မြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်း ၃ ခုတွင် နိုင်ငံရေး ပုဒ်မနှင့် အမျိုးသား၊ အမျိုးသမီး ၉၀ ဝန်းကျင် မတရား ထိန်းသိမ်းခံထားရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
၎င်းအပြင် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ၅၀၅(က) အပါအဝင် အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့်မတရား အမိန့်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်၊ နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးကျော်ကိုလည်း အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမပြုဘဲ အချုပ်ခန်းများအတွင်းသာ ဆက်လက်ချုပ်နှောင်ထားသဖြင့် အကျဉ်းသားအခွင့်အရေးများလည်း ထပ်မံ ဆုံးရှုံးနေရကြောင်း သိရသည်။
ဂန့်ဂေါအချုပ်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တသက်အထိ ချမှတ်ခံထားရသူများ ဖြစ်ကာ လက်ရှိ အကျဉ်းထောင်များတွင် ရရှိနေသော တလတကြိမ် မိသားစုနှင့် တွေ့ဆုံခွင့်လည်း ဆုံးရှုံးနေသည့်အပြင် ပုဒ်မ ၅၀၅ ဖြင့် အမိန့်ချခံထားရသူများသည် ထောင်ဒဏ်အမိန့်ကျပြီးဖြစ်သော်လည်း ထောင်ဝင်နံပါတ် မရရှိသည့်အတွက် လျှော့ရက်ခံစားခွင့် (အခါကြီးရက်ကြီးများတွင် လွှတ်ပေးလေ့ရှိသော) နှင့် လွတ်ငြိမ်းခံစားခွင့်များ ဆုံးရှုံးလျက်ရှိနေသည်ဟု ဆိုသည်။
“လမ်းပမ်းဆက်သွယ်ရေးနဲ့ လုံခြုံရေးကို အကြောင်းပြပြီး သူတို့က ဒီလိုမျိုး ထားထားတာ။ ဆယ်ပေဝန်းကျင်အခန်းထဲမှာ ကျပ်ညပ်နေကြရပြီး အဲဒီအခန်းထဲမှာပဲ အိမ်သာပါ တည်ဆောက်ထားတာဖြစ်လို့ အနံ့အသက်ဆိုးရွားမှုတွေ တော်တော်ကြုံနေကြရတယ်။ အကျဉ်းထောင်အခွင့်အရေးတွေလည်း အားလုံး ဆုံးရှုံးနေရတယ်။ ဒီလိုကိစ္စတွေ ဖြစ်တိုင်းတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်ရိုက်ပို့ပါတယ်။ အဲဒီအချုပ်ထောင်တွေမှာ တာဝန်ယူထားသူတွေရဲ့ နာမည်၊ ရာထူးတွေကိုလည်း ကျွန်တော်တို့ စနစ်တကျ မှတ်တမ်းယူထားတယ်။ လက်ရှိကာလမှာ သူတို့ကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည့်တိုင်အောင် ကြားကာလမှာတော့ သူတို့ရဲ့ ကျူးလွန်မှုတွေကို တခုချင်းစီ ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
အကျယ်အဝန်း (၁၀ ပေ x ၁၂ ပေ) သာ ရှိသော အချုပ်ခန်းငယ်တွင် နေထိုင်ရသည့် အမျိုးသမီးအချို့မှာ လူဦးရေ ကျပ်ညပ်နေသဖြင့် အချုပ်ခန်း ထပ်ခိုးများတွင်ပင် တက်ပြီး အိပ်နေကြရသည်အထိ ဖြစ်နေကြောင်း၊ အမျိုးသားများ ထားရာ အခန်းသည်လည်း အကျယ် ပေ ၃၀ ဝန်းကျင်သာ ရှိပြီး တစ်ဦးခြေထောက်အပေါ် တစ်ဦးခြေထောက်ထပ်တင်၍ အိပ်ကြရကာ အချုပ်ခန်းများမှာ အလွန်ကျဉ်းမြောင်းသည့်အတွက် အလှည့်ကျနှင့် အိပ်ရသည်အထိ နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေကြကြောင်း၊ အကျဉ်းသားများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားသောက်နေထိုင်ရေးသည်ပင် ပြည့်ဝစွာ မရရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း သိရသည်။
ယင်းအပြင် ဂန့်ဂေါမြို့မ ရဲစခန်းသည် စစ်တပ်နှင့် ပျူစောထီးများ၊ ရှေ့တန်းထွက်ရသူများ အဝင်အထွက်လုပ်သည့်စခန်းဖြစ်၍ အကျဉ်းသူ/သား၊ အချုပ်သူ/သားများအတွက် အသက်အာမခံချက် မရှိသည့်အပြင် မကြာခဏ ခေါ်ယူစစ်ဆေးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကိုလည်း နေ့စဉ်နှင့်အမျှ ခံနေကြရသည်ဟု သိရသည်။
အကျဉ်းထောင်လက်စွဲဥပဒေ အခန်း(၉) ပုဒ်မ (၄၀) တွင် ပြစ်ဒဏ်မကျသေးသည့် အကျဉ်းသားများနှင့် တွေ့ဆုံခြင်းအခန်း၌ အမိန့်မချမှတ်ထားရသေးသည့် အချုပ်သားများသည် မိသားစု၊ ရှေ့နေနှင့် တွေ့ခွင့်ပြုရမည်ဟု ပြဌာန်းထားသော်လည်း ဂန့်ဂေါအချုပ်သည် အကျဉ်းထောင်မဟုတ်၍ အထက်ပါ အခွင့်အရေးများ ချိုးဖောက်ခံနေရကာ လက်ရှိ ဂန့်ဂေါမြို့မ ရဲစခန်း စခန်းမှူး လှဇော်ဝင်းနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေး ကြေညာစာတမ်းပါ *အပိုဒ်(၃)၊*အပိုဒ်(၅)၊*အပိုဒ်(၉)တို့ကို ချိုးဖောက်လျှက်ရှိနေကြောင်း ထုတ်ပြန်ဖော်ပြထားသည်။