ချောင်းနှစ်ခွ တိုက်ပွဲတွင် အကြမ်းဖက်စကစများ လက်နက်ချ အညံ့ခံ၊ ၂၈ ဦး အရှင်ဖမ်းမိ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး

7 months ago

နိုဝင်ဘာ ၁၇
နိုဝင်ဘာ ၁၀ ရက်မှစ၍ ခြောက်ရက်ခန့် ပြင်းထန်စွာဖြစ်ပွားခဲ့သော ချောင်းနှစ်ခွတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအရှုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့ကြပြီး ၂၈ ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က အကျတော်တော်များတယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျတယ်။ ထွက်ပြေးတဲ့ကောင်တွေကို အသေရမိတယ်။ သူတို့ဘက်က အညံ့ခံတာရော ဖမ်းမိတာရော ၃၀ လောက်ရှိမယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ် စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ ရက်များစွာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းနှင့် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုထံသို့ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ – ၂၂ လက်အောက်ခံ ခလရ – ၈၁ စစ်ကြောင်းနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F စစ်ကြောင်းတို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်သား ၃ ဦးသေဆုံး၊ ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်လည်း တနေကုန် တိုက်ပွဲများပြင်းထန်ခဲ့ကာ ဘုရားကုန်းအနီးတွင် နေရာယူထားသော အင်အား ၅၄ ဦးရှိ အကြမ်းဖက်စကစ စစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်း ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက်စကစဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦး စနိုက်ပါ ထိမှန်၍ သေဆုံးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက် ညနေတွင်ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာမှ အကြမ်းဖက် စကစတပ်ဖွဲ့ဝင်များ အကျအဆုံးများစွာဖြင့်လက်နက်ချ အညံ့ခံခဲ့ရာ ၂၈ ဦး အရှင်ရခဲ့ပြီး ၁၂ ဦးမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆုတ်ခွာပြေးသွားသူများအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ၍ နယ်မြေပိတ်ဆို့ရှင်းလင်းခဲ့ရာ အကြမ်းဖက် စကစ ၅ ဦး အသေရရှိခဲ့ကာ လက်နက်များ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ယင်းထိတွေ့တိုက်ပွဲ ခြောက်ရက်အတွင်း အကြမ်းဖက်စကစဘက်မှ ၂၂ ဦး အသေရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ၃ ဦး ကျဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။