ခလရ-၁၄၀ မှ တပ်သားနှစ်ဦး CDF မတူပီထံ အလင်းဝင်လာ CDF မတူပီထံ အလင်းဝင်လာသော ရဲနှင့် စစ်သား ၃၀ ကျော်ပြီဖြစ်

7 months ago

နိုဝင်ဘာ ၇
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က မတူပီမြို့ စစ်ကောင်စီ အခြေစိုက် ခလရ-၁၄၀ မှ တပ်သားနှစ်ဦး မတူပီ CDF ထံသို့ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အလင်းဝင်လာသော တပ်သားနှစ်ဦးမှာ ရဲဘော် ဉာဏ်လင်းအောင် ကိုယ်ပိုင်အမှတ်(တ-၅၇၁၅၇၈)၊ ရဲဘော် မျိုးလင်းဦး ကိုယ်ပိုင်အမှတ် (တ-၅၆၂၃၈၇) တို့ဖြစ်ပြီး MA-1 (၁)လက်၊ ကျည်ဆံ (၁၃၄)၊ ကျည်ဘောက်(၅)ခု နှင့်အတူ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံသို့ အလင်းဝင်လာပြီး ၎င်းတိုအား ဆုငွေ ကျပ်သိန်း ၆၀ ချီးမြင့်ခဲ့ကြောင်း သိရသည်။
“သူတို့နှစ်ယောက်က ထွက်ဖို့ကြိုးစားနေတာ တော်တော်လေး ကြာနေပြီ။ မကြုံသေးလို့ အခုမှ ထွက်ရတယ်။ တပ်တွင်းမှာ မနေချင်တော့လို့ ထွက်လာတယ်လို့ ထွက်ဆိုထားတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားရှိထားတယ်။ သူတို့ကို လွတ်မြောက်နယ်မြေအထိ ပို့ဆောင်သွားဖို့ ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်” ဟု မတူပီ CDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက ပြောသည်။
မတူပီ CDF ထံ ယခုလို အလင်းဝင်ရောက်လာသည့် စစ်သားနှင့် ရဲမှာ ၃၀ ကျော်ရှိနေပြီဖြစ်ကာ ရာထူးအမြင့်ဆုံးအနေဖြင့် တပ်ကြပ်ကြီးအဆင့်အထိ ပါဝင်ကြောင်း သိရသည်။
ပုံစာ – CDF_Matupi တပ်ဖွဲ့ဝင်များ