ခမ်းပါတ်မြို့ သိမ်းနိုင်ပြီ “ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ။ သုံးရက်ကြာ တိုက်ခဲ့ရပါတယ်” ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ

7 months ago

နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်ရှိ ခမ်းပါတ်မြို့အား ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာ ၇ ရက်တွင် အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ။ သုံးရက်ကြာ တိုက်ခဲ့ရပါတယ်”ဟု ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ တမူးခရိုင်ရှိ ခမ်းပါတ်မြို့အား အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
မြို့သိမ်းတိုက်ပွဲ ပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးအဖွဲ့များတွင် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်ကြောင်းနှင့် အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများအဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်းလည်း MOD ကထုတ်ပြန်ထားသည်။
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့အား နိုဝင်ဘာလ ၃ ရက်မှ စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၇ ရက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခမ်းပါတ်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများ တပ်စွဲထားသော တပ်စခန်းများနှင့် ရဲစခန်းအား နိုဝင်ဘာ ၃ ရက် နံနက် ၄နာရီမှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီတွင် သိမ်းနိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ တစ်မြို့လုံး ထိန်းချုပ်နိုင်သော အနေအထားရောက်နေပြီဖြစ်ကြောင်း သိရသည်။