ခမ်းပါတ်တိုက်ပွဲတွင် CNDF မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံး

8 months ago

နိုဝင်ဘာ ၈
တမူးမြို့နယ်၊ ခမ်းပါတ်စခန်းကုန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ အသက် ၁၉ နှစ်အရွယ် တပ်ဖွဲ့ဝင် Salai Lal Pek Thanga ကျဆုံးသွားခဲ့ကြောင်း သိရသည်။
ကျဆုံးသွားသော ရဲဘော် Salai Lal Pek Thanga မှာ နိုဝင်ဘာ ၅ ရက်တွင် ခမ်းပါတ်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် ၎င်းကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က နိုဝင်ဘာ ၇ ရက်တွင်ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကာ ယင်းထုတ်ပြန်ချက်တွင် ရဲဘော်၏ ပေးဆပ်မှုအပေါ် CNO/CNDF မှ လေးစား ဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲကြောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း စသဖြင့် ဖော်ပြပါရှိသည်။
ရဲဘော် Salai Lal Pek Thanga ကျဆုံးသွားခဲ့သော ခမ်းပါတ်တိုက်ပွဲမှာ နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲဖြစ်ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များဖြစ်သော
တမူးခရိုင်တပ်ရင်း (၂) ၊ စစ်ဒေသအထူးတပ်ရင်း (၂)၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီးအဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်သည့် တိုက်ပွဲဖြစ်သည်။