ခမရ(၅၆၁)တပ်ရင်းမှ တပ်သားနှစ်ဦး ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်လာ တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာခဲ့သည့် ရဲနှင့် စစ်သား ၂၃၇ ဦးအထိ ရှိလာပြီဖြစ်

7 months ago

နိုဝင်ဘာ ၂
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား နှစ်ဦးသည် ၎င်းတို့၏ တပ်ရင်းမှ ထွက်ပြေးလာကာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းထံ ယမန်နေ့က အလင်းဝင်ခဲ့ကြကြောင်း သိရသည်။
‌အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်းတို့၏ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သော စကစတပ်သားနှစ်ဦးမှာ တပ်သား ထွန်းလင်းပိုင်၊ ကိုယ်ပိုင်အမှတ်-တ ၁၂၈၇၁၄ နှင့် တပ်သား ထက်မြတ်သူ၊ ကိုယ်ပိုင်အမှတ်-တ ၆၇၂၁၃၁ တို့ ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
၎င်းတပ်သားနှစ်ဦးသည် တပ်တွင်း မတရားဖိနှိပ်ခံရခြင်းအပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပူးပေါင်းစစ်ကြောင်းထံ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်ဟု ဆိုသည်။
အလင်းဝင်ရောက်လာသည့် တပ်သားနှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း ‌ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာသိမ်းယူခဲ့ပြီးနောက် တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာခဲ့သည့် ရဲနှင့် စစ်သားများမှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၂၉ ဦး၊ စုစုပေါင်း ၂၃၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပြီး တနင်္သာရီမြို့နယ်တွင် CDM ဝင်ရောက်လာသူ ၈၄ ဦးအထိ ရှိခဲ့ပြီး CDM အများဆုံး ဝင်ရောက်ထားသည့် မြို့နယ်ဖြစ်‌ကြောင်းလည်း သိရသည်။