ခင်ဦးနယ်တွင် အကြမ်းဖက်အထိုင်ချစခန်း ၃ ခုမှ စကစ တပ်သားများ ရေဦးမြို့ပေါ်သို့ ထွက်ပြေး၊ ပြည်သူပိုင် ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာ ပစ္စည်းတချို့ သိမ်းဆည်းရရှိ

7 months ago

“သူတို့ အဲဒီမှာ ဆက်နေရင် အလွယ်တကူသေမှာကြောင့် အနီးဆုံး ရေဦးမြို့ကို စစ်ရေးအရ မြို့မသိမ်းခံရအောင် ဟန်ကိုယ့်ဖို့ ပြေးကြတာလို့ မြင်မိပါတယ်”
KSO အဖွဲ့မှ တာဝန်ရှိသူ
================
နိုဝင်ဘာ ၁၆
ခင်ဦးနယ်တွင် အကြမ်းဖက်စကစ အထိုင်ချစခန်း သုံးခုမှ စကစ တပ်သားများ ရေဦးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကာ ၎င်းစခန်းများတွင် ပြည်သူများထံမှ မတရား ခိုးယူသိမ်းဆည်းထားသော ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာ ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Khin U Specialforce Organization_KSO အဖွဲ့က ထုတ်ပြန်ထားသည်။
ရေဦး-ခင်ဦး ကားလမ်းဘေးရှိ မူးတိမ်ချောင်း တံတား အထိုင်စခန်း၊ ရွာသစ်ကုန်းပျူရွာ အထိုင်စခန်းနှင့် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစခန်းများရှိ အကြမ်းဖက်စကစ တပ်သားများသည် နိုဝင်ဘာ ၆ ရက်နေ့တွင် တစ်ကြိမ်၊ ၈ ရက်နေ့တွင် တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ရေဦးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီအထိုင် သုံးခုထဲက ရွာသစ်ကုန်းအထိုင်က နှစ်နှစ်ကျော် အကြာဆုံးဖြစ်ပြီး ကျန်တဲ့ နှစ်ခုက နှစ်နှစ်သာသာ ရှိပါသေးတယ်။ အရင်က ဒေသခံပျူစောထီး များတယ် အဲဒီအထိုင်တွေမှာ။ အထူးသဖြင့် ရွာသစ်ကုန်းရွာက တဝက်လောက်က စကစ ထောက်ခံတဲ့ ပျူတွေပါ။ ဘယ်က စစ်ကြောင်းလာလာ ရွာသစ်ကုန်းပျူတွေက လိုက်ရပြီး စစ်ကြောင်းထဲမှာ သေကြရတာ များလာပြီး အခုအချိန်မှာ ဒေသခံပျူ မရှိတော့တာရယ်၊ တနိုင်ငံလုံးမှာ စခန်းသိမ်း မြို့သိမ်းတွေ စနေတာကြောင့် သူတို့ အဲဒီမှာ ဆက်နေရင် အလွယ်တကူသေမှာကြောင့် အနီးဆုံး ရေဦးမြို့ကို စစ်ရေးအရ မြို့မသိမ်းခံရအောင် ဟန်ကိုယ့်ဖို့ ပြေးကြတာလို့ မြင်မိပါတယ်။ သိမ်းဆည်းရမိတဲ့ စစ်ရေးပစ္စည်းကတော့ များများစားစား သိပ်မရှိပါဘူး။ ယူနီဖောင်း တချို့ရယ် ၆၀မမအသီး ၃ ခုလောက်ပါပဲ” ဟု Khin U Specialforce Organization_KSO အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
၎င်းအထိုင်ချ စခန်းများ ပတ်လည်နှင့် နေရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အလုံးစုံရှင်းလင်းဝင်ရောက်ခဲ့ရာ ပြည်သူများထံမှ မတရား ခိုးယူသိမ်းဆည်းထားသော ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာ ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိတွင် ယင်းတို့ အထိုင်ချနေရာများအား ဖျက်ဆီးရှင်းလင်းပြီးဖြစ်ကာ မတရားယူဆောင်ထားသော ပြည်သူပိုင်များပစ္စည်းတချို့အား တိုက်နယ်-၂ ပကဖ(KSO) နှင့် မြို့နယ်ပကဖတို့မှ ထိန်းသိမ်းထားကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိတို့ပစ္စည်းပုံစံ အတိအကျ ပြောနိုင်ပါက လာရောက်ဆက်သွယ်ပြီး ပစ္စည်းများအား ယူဆောင်နိုင်သည်ဟု အသိပေးအပ်ကြောင်းလည်း ဖော်ပြထားသည်။