ကြို့ပင်ကောက်တွင် PDF အမည်ခံကာ ပြည်သူများထံမှ ခြိမ်းခြောက် ငွေတောင်းနေ

7 months ago

” ငွေမပေးရင် လုံခြုံရေး အာမမခံဘူးဆိုပြီး ပြောတယ်။စာပစ်တယ်။ ဖုန်းတွေ မက်ဆေ့ချ်ပို့တယ်လို့ သိရပါတယ်”
Black Dragon GBK-PDF
===========
နိုဝင်ဘာ ၂၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်ရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များထံ PDF များဟုအမည်ခံကာ ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိနေကြောင်း သာယာဝတီခရိုင်ရှိ PDF တပ်ဖွဲ့ထံမှ သိရသည်။
” ငွေမပေးရင် လုံခြုံရေး အာမမခံဘူးဆိုပြီး ပြောတယ်။စာပစ်တယ်။ ဖုန်းတွေ မက်ဆေ့ချ်ပို့တယ်လို့ သိရပါတယ်။ လုပ်ငန်းရှင်တွေဆီကို PDF အဖွဲ့က ဆိုပြီး ငွေတောင်းနေတာ။ ၂၀၂၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါဖြစ်သေး တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၆၊ Black Dragon GPK-PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ် တပ်ရင်း၊ တပ်ဖွဲ့ တာဝန်ရှိသူများက ဖြစ်ရပ်များအား စုံစမ်းနေကြကြောင်းနှင့် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်ခွဲများအားလုံး စုပေါင်း၍ နိုဝင်ဘာ ၂၇ ရက်တွင်သဘောထားကြေညာချက် တစ်စောင်လည်း ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
ယင်းသဘောထားထုတ်ပြန်ချက်တွင် ကြို့ပင်ကောက်မြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများ၏ စီးပွားရေးလုပ်ငန်းများသို့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမည်ခံကာ စာဖြင့်၊ ဖုန်းဖြင့် တောင်းခံနေမှုများ ရှိနေသည်ဆိုသော သတင်းများ ကြားသိရကြောင်း၊ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်အာဏာရှင်အား တော်လှန်နေကြသော မြို့နယ်အတွင်းမှ တပ်ရင်း၊ တပ်ခွဲများ ထိုသို့လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် ယခုဖြစ်စဉ်များကို သတင်းအရ စုံစမ်းကြည့်ရာတွင် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအကြား အထင်လွဲမှားစေရန် အကွက်ချ လုပ်ဆောင်လာခြင်းဖြစ်သည်ကို သတိပြုမိကြောင်း၊ ယင်းဖြစ်စဉ်များအား အဖြစ်မှန် ပေါ်ပေါက်လာသည်အထိ မဟာမိတ်တပ်ခွဲများ ပူးပေါင်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။