ကျေးသီးတံတား သိမ်းပိုက်ပြီး စစ်ကောင်စီဘက်မှ ဖုံးဝှက်ထားသည့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိ လက်ရှိအထိ MNDAA မှ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၇၆ ခု သိမ်းပိုက်ရရှိထား

7 months ago

နိုဝင်ဘာ ၂၇
ရှမ်းပြည် သီပေါနှင့် ကျောက်မဲအကြားရှိ ကျေးသီးတံတားရှေ့တွင် အခြေချသော စစ်ကောင်စီတပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်သိမ်းပိုက်ပြီး သုံးရက်မြောက်နေ့တွင် ကျေးသီးတံတားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို MNDAAနှင့် TNLAအဖွဲ့တို့ ပူးတွဲကာ နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် စတင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၆ ရက်နေ့တွင် ကျေးသီးတံတားကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ နန့်စလပ်နေရာတွင် စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ချိန်၌ ဖုံးဝှက်ထားခဲ့သော လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ နန့်စလပ်တပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ မိသားစုဝင်များ၏ လမ်းညွှန်မှုဖြင့် အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ ဖုံးဝှက်ခဲ့သော လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိခဲ့ပြီး ရိုင်ဖယ်(၁၃)လက် ၊ စက်သေနတ်(၁)လက် ၊ကျည်ဘောက်(၃၁)ခု ၊ ကျည်ကာဦးထုပ်(၃)ခု ၊ သေနတ်ပစ်ဗုံးသီး(၃)လုံးနှင့် ကျည်ဆံ (၂၀၀၀) တောင့် စသည်တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ကျင်စံကျော် နယ်စပ်ဂိတ်ပေါက်၏ တောင်ဘက်ခြမ်း လုံခမ်းတပ်စခန်းကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း၊ MNDAAနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ခြောက်ရက်တိုင် အဆက်မပြတ် စစ်ဆင်တိုက်ခိုက်မှုတွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်၌ စစ်ကောင်စီ၏ တပ်ရင်း(၅၆၇ ၊ ၅၆၈)စခန်းကို ချေမှုန်းခဲ့ပြီး မူပန် (သိန္နီ)ခရိုင် နန့်စလပ်အုပ်စုကို သိမ်းယူနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
လက်ရှိအထိ MNDAA မှ စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၇၆ ခု သိမ်းပိုက်ရရှိထားကြောင်း သိရသည်။