ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို AA တိုက်ခိုက်သိမ်းပိုက် မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းမှ စကစများက ဖမ်းဆီးထားသည့် အရပ်သား အချုပ်သားနှစ်ဦးအား အချုပ်ခန်းအတွင်း ပစ်သတ်ခဲ့

4 months ago

ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ AA က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကာ မင်းပြားမြို့ အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကိုလည်း ဇန်နဝါရီ ၂၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်ကတည်းက မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ နှစ်ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည်ဟုလည်း သိရသည်။
AA အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိကာ အားလုံးသော စခန်းများလည်း မကြာမီ အပြီးသတ်သိမ်းပိုက်ရယူရန် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း အခြေအနေကောင်းလျက်ရှိသည်ဟု ဆိုသည်။
ထို့အတူ ရမ်းဗြဲမြို့တွင်မူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိက ပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးကို ပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား ၁၂၀ ကျော်နှင့် လက်ကျန်တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းသော စစ်ကြောင်းနှင့် AA တို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်အထိအခိုက် အကျအဆုံးရှိခဲ့ပြီး စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို AA မှ တစ်ရင်းမကျန် အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို့ ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ AA အနေဖြင့် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆိုထားသည်။
ပုံစာ – မင်းပြားမြို့၊ ခမရ ၃၇၉ တပ်ရင်းထံမှ AA သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ။