ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် တောင်းဆိုချက် သုံးချက် ရရှိရေး အစာငတ်ခံ ဆန္ဒပြ

5 months ago

“အစာအငတ်ခံ ဆန္ဒစပြတဲ့ ၄၇ ယောက်ကတော့ ကျန်းမာရေး မကောင်းဘူးဗျ။ ဆေးရုံမတင်ရရုံတမယ်ပဲ ရှိတယ်။ သူတို့ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်ဆိုတဲ့ သတင်းစကားတွေ ကျွန်တော်တို့ ရထားပါတယ်”
PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး
==============
ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာ လူအခွင့်အရေးနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အပါအဝင် တောင်းဆိုချက် သုံးချက်ကို အစာငတ်ခံဆန္ဒပြ တောင်းဆိုလျက်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
အဆိုပါ အစာငတ်ခံ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို နိုင်ငံရေးအကျဉ်းသား ၄၇ ဦးက ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းနိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် အခြားနိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးသည်လည်း အကျဉ်းထောင်မှ ပေးသည့် အစားအသောက်များကို စားသောက်ခြင်းမပြုဘဲ တောင်းဆိုမှုတွင် ပူးပေါင်း ပါဝင်နေကြောင်း သိရသည်။
ယင်းသို့ အစာငတ်ခံသည့် ရက်မှာ အနည်းငယ်ကြာမြင့်လာသည့်အတွက် အကျဉ်းထောင်တွင်း တိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေသည် အင်မတန်စိုးရိမ်နေရကြောင်း ဖရဲသီး ထောင်ဝန်ထမ်းကလည်း အတည်ပြုချက် ပေးထားသည်ဟု ဆိုသည်။
“ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို အတင်းအဓမ္မခေါ်ဆောင်သွားတယ်၊ တန်းပိတ်ချိန်မှာ။ အဲဒီအကျဉ်းသားတွေကို စိုးရိမ်ပူပန်တဲ့အတွက် ၅ ရက်နေ့မှာ ထောင်ပိုင်ကို တင်ပြပြီး သွားတောင်းဆိုကြတယ်။ ဒါပေမယ့် မရခဲ့ကြတော့ ၆ ရက်နေ့မှာ အဲဒီအကျဉ်းသားတွေ အဆောင်တွင်း ပြန်လည်ရောက်ရှိရေးနဲ့ တခြားအချက်တွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသား နှစ်ဦးကတော့ ကျန်းမာရေး ကောင်းတယ်လို့ သိရတယ်။ အစာအငတ်ခံ ဆန္ဒစပြတဲ့ ၄၇ ယောက်ကတော့ ကျန်းမာရေး မကောင်းဘူးဗျ။ ဆေးရုံမတင်ရရုံတမယ်ပဲ ရှိတယ်။ သူတို့ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်ဆိုတဲ့ သတင်းစကားတွေ ကျွန်တော်တို့ ရထားပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
လက်ရှိ နိုင်ငံရေးအကျဉ်းသားများ တောင်းဆိုနေသည့် အချက်များအနေဖြင့် ကျိုက်မရော အကျဉ်းထောင်မှ အကျဉ်းသူ/သားများနှင့်ပတ်သက်၍ ခေါ်ယူထိန်းသိမ်းစဉ်ကာလ၊ စုံစမ်းမေးမြန်းစဉ်ကာလ၊ အပြစ်ပေးအရေးယူခြင်းကာလတို့တွင် လုပ်ငန်းဆောင်ရွက်ရာ၌ (က)တရားလက်လွန် ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ (ခ)လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်ရေး၊ (ဂ)ကျန်းမာရေးဆိုင်ရာ အလွယ်တကူ ရရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု ခံယူနေသည့် အိပ်ဆောင်(၃)မှ အကျဉ်းသား နှစ်ဦး၏ နေ့စဉ်ကျန်းမာရေးကို စစ်ဆေးပေးရန်နှင့် အကျဉ်းတိုက် မဟုတ်သော အခြားသင့်လျော်စွာနေရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည်နှင့် တပြိုင်နက် မူလနေထိုင်ရာ အဆောင်သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူ/သားများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် နေ့လယ်က ကျိုက်မရောအကျဉ်းထောင်တွင်း အကျဉ်းသားများ လက်ကိုင်ဖုန်းသုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ထောင်တွင်းသို့ အတင်းအဓမ္မဝင်ရောက်ကာ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် လက်ကိုင်ဖုန်းနှစ်လုံး တွေ့သည်ဟု ပြောဆိုကာ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အကြောင်းပြချက်ဖြင့် အကျဉ်းသားများကို ခေါ်ယူစစ်ဆေးခြင်းသည် ယုတ္တိမရှိသော အကြောင်းပြချက်သာဖြစ်ကြောင်း၊ ဖုန်းများကို လက်ဝယ်မတွေ့ရှိခဲ့ရဟု အကျဉ်းဦးစီးဝန်ထမ်းတစ်ဦးကလည်း PPNM သို့ အတည်ပြုပြောဆိုထားကြောင်း သိရသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီခွဲအချိန်ကလည်း အကျဉ်းထောင်ပိတ်ချိန်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်၍ အကျဉ်းထောင်တိုက်ထဲသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ထိုဝန်ထမ်းမှ ထပ်မံပြောဆိုအသိပေးထားကြောင်း ဆက်လက်ဖော်ပြထားသည်။
ကျိုက်မရောအကျဉ်းထောင်တွင်း အစာငတ်ခံ တိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံပေးရန် ပြည်သူလူထု၊ သပိတ်အင်အားစုများ၊ တော်လှန်ရေး အင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများကိုလည်း PPNM က မေတ္တာရပ်ခံ တောင်းဆိုထားသည်။