ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်မှ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့ခြင်းကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီး၊ ပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေကြရပြီး ၁၀၀ ကျော် ပိတ်မိနေ

2 months ago

မတ် ၂၉
အကြမ်းဖက်စစ်ကောင်စီက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်းကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှနေ၍ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့ခြင်းကြောင့် လူနေအိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့ရပြီး မွန်ပြည်သူအများစု အပါအဝင် ထောင်ချီ စစ်ဘေးရှောင်နေကြရကာ လူ ၁၀၀ ကျော် ရွာအတွင်း ပိတ်မိနေကြောင်း မြေပြင်မှ တော်လှန်ရေးအရာရှိတစ်ဦးက ပြောသည်။
“ဒီရွာက အိမ်ခြေ ၁၄၀၀ လောက်ရှိတယ်။ လက်ရှိမှာ အိမ်ခြေ ၃၀၀ လောက် မီးလောင်ကျွမ်းသွားပါပြီ။ အထူးသဖြင့် ရေတပ်က ပစ်တာပါ။ ကျွန်တော်တို့ မွန်ပြည်သူတွေက အလုပ်ကြိုးစားတယ်။ ပိုက်ဆံစုတယ်။ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ကြတယ်။ အခု ကျွန်တော်တို့ မွန်ပြည်သူတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဆုံးရှုံးသွားပါပြီ” ဟု အဆိုပါ တော်လှန်ရေးအရာရှိက ဆိုသည်။
May be an image of fire
ထောင်ပေါင်းများစွာ‌သော ‌ပြည်သူများက နီးစပ်ရာ ရွာများနှင့် မော်လမြိုင်ဘက်သို့ ထွက်ပြေးကြပြီး မပြေးရဲကြ‌သော ပြည်သူ ၁၀၀ ခန့်မှာ ရွာအတွင်း ပိတ်မိနေခြင်းကြောင့် ၎င်းပြည်သူများအား ကယ်ထုတ်ရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
“ဒီနေ့ သိရတာကတော့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်။ ဒါကတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၆၀၀၀ ကျော် အတိဒုက္ခရောက်နေကြရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။
မတ် ၂၇ ရက်‌နေ့ ဖက်ဆစ်ဆန့်ကျင်ရေးနေ့တွင် အကြမ်းဖက်စစ်တပ်က ထိုကဲ့သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အကြမ်းဖက် ပစ်ခတ်ပြီး မီးတင်ရှို့ခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာအတွင်း၌ မည်သည့် တော်လှန်ရေးအဖွဲ့အစည်းမှ တပ်စွဲထားခြင်း မရှိဘဲ မွန်၊ ကရင်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် ရွာသူရွာသားများအပေါ် ရည်ရွယ်ချက်ရှိရှိ ရန်ရှာပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ယခင်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ် နေရာအများအပြားတွင် စစ်ရာဇဝတ်မှု အပြစ်ကျူးလွန်ခဲ့ပြီး ယခု မွန်ပြည်နယ်တွင် ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုတို့အား တိုက်ရိုက် ရင်မဆိုင်ရဲဘဲ ပြည်သူတို့အား ရန်ရှာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်နှင့် အနီးအနား ကျေးရွာများမှ မီးသတ်ကားများ၏ လာရောက်ကူညီပေးမှုအပေါ် စကစတပ်များမှ တားမြစ်ထားပြီး လူသားမဆန်စွာ ခွင့်မပြုခဲ့သည့် လုပ်ရပ်ကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဆိုထားသည်။
May be an image of fire, tree and fog
ပုံစာ – မီးလောင်ပျက်စီးခဲ့ရာ ဓမ္မသရွာမြင်ကွင်းနှင့် ဂူများအတွင်း ရှောင်နေကြရ‌သော ပြည်သူအချို့။
Photo – သိုက်ဆာန်လဝီ Facebook