ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေး ရဲဂိတ်ကို တိုက်ခိုက်၊ စကစ ၆ ဦးသေဆုံး တိုက်ခိုက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့

4 months ago

ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ ရဲဂိတ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စကစ လက်အောက်ခံ စစ်သားနှင့် ရဲ ၆ ဦး သေဆုံးခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF ၏ ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ပြောသည်။
May be an image of 7 people and text that says '#KRF REDMI-K40 GAMING 06/19 2023 1121'
ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦးမှာ ဆေးရုံသို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဂိတ်စခန်းမှာ အင်အား နှစ်ဆယ်ဝန်းကျင် ထိုင်လေ့ရှိပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ စကစဘက်က ပစ်လိုက်တဲ့ ၈၁ မမ ကျရောက်ပေါက်ကွဲပြီး မုပ္ပလင်၊ လမ်းဆုံရပ်ကွက် ကျောက်စိမ်းပွင့် ဘုန်းတော်ကြီးကျောင်းတိုက်ရှေ့ခြံမှာ ၁၃ နှစ်အရွယ် လူငယ်တစ်ဦး ရာဘာကြိတ်ပြား ကြိတ်နေချိန် လက်နက်ကြီးစ ခါးကို ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ဈေးသည်ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှုအပြီး ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ကိုမော်ကွန်းက ဆက်လက်ပြောသည်။
၎င်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၃ ဦးလည်းအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ရဲဂိတ်အနီး၌ ဈေးရောင်းချနေသော ဈေးသည်တစ်ဦးလည်း ဂုတ်ပိုးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ဈေးသည်ပြည်သူ ထိခိုက်ခဲ့မှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများနှင့် နီးကပ်စွာ နေထိုင်ဆက်ဆံခြင်း၊ ရောင်းဝယ်ဖောက်ကားဖြင့် မပြုကြရန် ထပ်‌လောင်း သတိပေးပါကြောင်းလည်း KRF က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF၊ KNU/KNLA၊ Night Hawks၊ ကျိုက်ထိုမြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။