ကျိုက်ထိုရှိ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ်တို့ ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ရဲ တစ်ဦး သေဆုံးဟုဆို

4 months ago

ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံ ရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုမှ ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ်ကို နှစ်ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
May be an image of 1 person
“စစ်တောင်းတံတားထိပ်က ဂိတ်တွေမှာ အင်အား ၇ ဦးဝန်းကျင်လောက်ရှိပြီး မုပ္ပလင်ရဲဂိတ်ကတော့ ၁၅ ဦးဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ အဲဒီဂိတ်တွေက ခရီးသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။ အခု တိုက်ခိုက်မှုမှာ ကနဦး မုပ္ပလင်ရဲဂိတ်က ရဲတစ်ဦးသေတယ်လို့ ကြားသိရပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းဆဲပါ” ဟု ကိုမော်ကွန်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA IAF (Iron Adventure Force) ၊ ကဝ ပကဖ Drone Team ၊ အင်းတကော် ပကဖ Drone Team ı ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ Drone Team၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။