ကျိုက်ထိုတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် အားပေးကူညီသော မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် အရေးယူသွားမည်ဟု KRF ဆို

3 months ago

မတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်အတွက် အားပေးပါဝင်လုပ်ဆောင်သော မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသွားမည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်လိုက်သည်။
ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် မကြာသေးမီက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူပြီး တစ်ရွာလျှင် လူငယ် ၁၀ ဦးနှုန်း စာရင်းကောက်စုဆောင်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
“ဒီဥပဒေ ထုတ်ပြန်ပြီးနောက်မှာ အဖွဲ့ကို အယောက် ၂၀ ကျော်လောက် ဆက်သွယ်ထားတာ ရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ စကစရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရင် ပါဝင်ကူညီတဲ့သူ မည်သူ့ကိုမဆို ကျနော်တို့အဖွဲ့က စစ်ရေးပစ်မှတ် သတ်မှတ်ပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမှာပါ” ဟု KRF မှ ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ပြောသည်။
၎င်းဥပဒေကို အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ဖြစ်စေ လိုက်ပါပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ စကစ အားပေးထောက်တိုင်များ အစရှိသည့် အဖွဲ့အစည်းကိုသော်လည်းကောင်း၊ တစ်ဦးချင်းစီကိုသော်လည်းကောင်း မည်သူ့ကိုမဆို စစ်ရေးအဖြစ် သတ်မှတ် အရေးယူသွားမည်ဟု KRF က ဆိုထားသည်။