ကျိုက်ထိုတွင် စကစများလိုက်ပါလာသည့် Honda Fit ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ အရာရှိတစ်ဦး ဒဏ်ရာရ

4 months ago

ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို – ဘီးလင်းကြား လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းနှင့်တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF မှ ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသော Honda Fit ခဲရောင်ယာဉ်တစ်စီးဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းနှင့် တပ်ဖွဲ့ဝင် ၃ ဦးကို ထွက်ခွာလာရာ ကျိုက်ထို – ဘီးလင်းကြား အဝေးပြေးလမ်းမကြီးပေါ် တနေရာအရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့လာမယ်ဆိုတာလည်း ကျနော်တို့က သတင်းကြိုရထားတယ်။ နောက်တစ်ခုက သူတို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးတော့ ကားပြောင်းလဲ စီးတာလည်း သိရတယ်။ သူတို့ အရင်ဆုံးလာတာက ပရိုဘောက်ကားနဲ့ဗျ။ ဆိုင်တဆိုင်မှာ ထိုင်ပြီးတော့မှ Honda Fit ကားနဲ့ ချိန်းလိုက်တာ။ ပစ်တာကတော့ မောင်းပြန်အရှည် သုံးလက်နဲ့ ဝိုင်းပစ်ကြတာပါ။ ကားက အမြန်လမ်းဆိုတော့ အရှိန်နဲ့ မောင်းလာတာဗျ။ Kilo ရှစ်ဆယ်နှုန်းလောက်တော့ ရှိမယ်။ ဝိုင်းပစ်တော့ ကားအရှေ့ဘီးပေါက်ပြီး တံတားကို ဝင်ဆောင့်တယ်ဗျ။ အခုလက်ရှိသတင်းအရကတော့ ယာဉ်ပေါ်ပါ စကစ (၄၄) တပ်က အရာရှိတစ်ယောက် ဒဏ်ရာရထားတယ်လို့ ကြားသိရပါတယ်။ ကျနော်တို့က ပစ်ပြီးတာနဲ့ ပြန်ဆုတ်တာပါ။ စကစ ဂိတ်တွေနဲ့လည်း သိပ်မဝေးတဲ့နေရာ ဖြစ်နေလို့ပါ” ဟု ကိုမော်ကွန်းက ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂ မှ ညောင်ဝိုင်းကျေးရွာဘက်သို့ လက်နက်ကြီး ၂ လုံး၊ သံတံတားဂိတ်မှ သရက်ကုန်းကျေးရွာ အောက်ပိုင်းသို့ ၂ လုံး ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။