ကော့ကရိတ်မြို့မှ စစ်တပ်လက်အောက်ခံများ ခုနစ်ရက်အတွင်း ထွက်သွားကြရန် KNU နောက်ဆုံးအကြိမ် သတိပေး

7 months ago

နိုဝင်ဘာ ၁၇
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှ စစ်ကောင်စီလက်အောက်ခံများအားလုံး ယနေ့ နိုဝင်ဘာ ၁၇ ရက်မှစပြီး ခုနစ်ရက်အတွင်း မြို့တွင်းမှထွက်ခွာသွားကြရန် ကရင်အမျိုးသားအစည်းအရုံး KNU (ကော့ကရိတ်) မြို့နယ်က ယနေ့ ထုတ်ပြန်လိုက်သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံ၊ ကော့ကရိတ်နှင့် ဝေါလေမြိုင်မြို့များရှိ စစ်တပ်အုပ်ချုပ်ရေး အောက်တွင်ရှိသော ယန္တရားများတွင် ပါဝင်နေကြသူအားလုံး မြို့တွင်းမှထွက်ခွာသွားကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း KNU လက်အောက်ခံ တပ်ရင်း ၈၊ ၂၀၁၊ ၁၀၃၊ ၂၈၊ တပ်မဟာလုံခြုံရေး စစ်ကြောင်း စသည့်တပ်ရင်းများက ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါမြို့နယ်အတွင်းမှ စစ်ကောင်စီလက်အောက်ခံများကို ထွက်ခွာသွားကြရန် အကြိမ်ကြိမ် သတိပေးထားခဲ့ပြီးဖြစ်ရာ ယခုထုတ်ပြန်ချက်ကို မလိုက်နာပါက နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည် မဟုတ်ကြောင်းလည်း ဆိုထားသည်။
“KNU အနေနဲ့ သူတို့တွေ ထွက်ခွာသွားဖို့ အရင်ကတည်းက သတိပေးထားပြီးသားပါ။ နောက်ပိုင်းမှာ စစ်ရေး ပိုပြင်းထန်လာဖို့ ရှိမှာဖြစ်တဲ့အတွက် ထပ်သတိပေးရခြင်းပါ။ ထွက်မသွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို တာဝန်ယူမှာ မဟုတ်ပါဘူး” ဟု မြေပြင် တော်လှန်ရေး အရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်မြောက်ပိုင်းတွင် TNLA၊ MNDAA နှင့် AA ညီနောင်မဟာမိတ် သုံးဖွဲ့တို့က စစ်ကောင်စီ၏တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နိုဝင်ဘာ ၁၄ ရက်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၁၄၄ ခုကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ကရင်နီတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကလည်း နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စခန်းများကို တော်လှန်တိုက်ခိုက်နေသကဲ့သို့ ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်တော် AA ကလည်း တော်လှန်တိုက်ခိုက်လျက်ရှိနေသည်။