ကော့ကရိတ်တွင် အကြမ်းဖက်တပ်ရှိရာ စကခ ၁၂ ဝန်းနှင့် လှိုင်ဝတံတားထိပ်အနီးတို့အား မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် သုံးကြိမ် ဗုံးကြဲ၊ ထိခိုက်မှုများ ရှိနိုင်

7 months ago

နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စကစများရှိရာ နေရာနှစ်ခုအား မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် သုံးကြိမ် ဗုံးကြဲကာ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း KLOUD တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် ကော့ကရိတ်မြို့နယ်ရှိ စကခ ၁၂(စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်)ဝန်းနှင့် အကြမ်းဖက်စကစ များတည်ရှိရာ လှိုင်ဝတံတားထိပ်အနီး နေရာများအား KLOUD Team မှ စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအား အတိအကျ မသိ‌ရသေးကြောင်း သိရသည်။
“ဒီစစ်ဆင်ရေးက ၁ လေးလုံးစစ်ဆင်ရေးအနေနဲ့ ဖော်‌ဆောင်တာပါ။ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးရုံးက အင်အားမများဘူး။ အစောင့်တွေလောက်ပဲ ရှိတယ်။ လှိုင်ဝတံတားထိပ်အနီးကတော့ အင်အားများတယ်။ အဖွဲ့စုံဂိတ်ပေါ့။ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ အတိအကျကို စုံစမ်းနေဆဲပါ။ ရဲဘော်တွေကတော့ အားလုံးဘေးကင်းပါတယ်” ဟု Kloud မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စကခ ၁၂ ဝန်းကို လုံခြုံရေးတင်းကျပ်ကာ အဝင်အထွက်ပိတ်ထားကြောင်း သိရပြီး အဆိုပါ စစ်ဆင်ရေးအား Justice Soldier PDF drone တပ်ခွဲနှင့် Shar Htoo Waw နည်းပညာဖြင့် Kloud , Angry Bird Drone Ranger, Power of Ababil (POA) ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။