ကော့ကရိတ်တွင် ခမရ ၉၇ တပ်ရင်းမှ တပ်ခွဲမှူး အပါအဝင် သုံးဦး Drone ဗုံးထိ၍ သေဆုံး

8 months ago

နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဇိနသုခဘုန်းကြီးကျောင်းနေရာများသို့ မောင်းသူမဲ့လေယာဉ်များဖြင့် ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း Kloud တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါမစ်ရှင်ကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် Justice Soldier PDF drone တပ်ခွဲနှင့်အတူ Kloud , Angry Bird Drone Ranger, Power of Ababil (POA) ဒရုန်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာဖြင့် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းဘုန်းကြီးကျောင်းတွင် တပ်မ (၄၄) လက်အောက်ခံ ၉၇ တပ်ရင်းအပါအဝင် အခြားတပ်ရင်းများ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
“၉၇ ထဲမှာ အရာရှိနဲ့ ဘော်ဒီဂတ်သေတာ။ အဲဒီနေရာမှာ သူတို့ရှိတယ် သိရလို့ mission လုပ်တယ်။ ကိုယ်တွေဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီးနဲ့ ရမ်းထုတာ အနည်းငယ်ရှိတယ်။ သူတို့ အင်အားတော့ အတိအကျ မသိဘူး။ ကျွန်မတို့ဘက်က တိတိကျကျကို ချနိုင်ခဲ့တာ။ သေဆုံးသတင်းကို မြေပြင်သတင်းက သိရတာ။ သူတို့ဘက်က ၉၇ တပ်ခွဲမှူးအပါအဝင် သုံးယောက်သေတယ်” ဟု Kloud မှ တာဝန်ရှိသူက ပြောသည်။
၎င်းသေဆုံးအလောင်းများအား ညတွင်းချင်းပင် ၉၇ တပ်ရင်းထဲမှ လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။