ကောလင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲ မြို့တွင်းပိတ်မိ ပြည်သူများအား ပြည်သူ့ရဲဘော်များ ကယ်ထုတ်နေ “ပြည်သူတော်တော်များများ ထုတ်ပြီးပါပြီ။ ထွက်လို့ရတဲ့နေရာတွေရှိပါတယ်။ ဒါပေမယ့် စကစဘက်က မြို့ထဲက တိုက်တွေပေါ်မှာ နေရာယူထားလို့ မထွက်သာသေးတဲ့ အနေထားမျိုးပါ” Kawlin Revolution – KR တာဝန်ရှိသူ

7 months ago

နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေး ရဲဘော်များ ယနေ့ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“သူတို့လေယာဉ်တွေနဲ့ လာပစ်တာ၊ မီးလောင်ဗုံးလား ဘာလားတော့ မသိဘူး။ မနေ့ကတော့ နေရာ နှစ်ခုမှာ တော်တော်များများ မီးလောင်ခဲ့ပါတယ်။ အောင်ချမ်းသာဘက်နဲ့ ကျော်ဇေယျာရပ်ကွက်ဘက်လို့ သိရပါတယ်။ အောင်ချမ်းသာ စိန်ရတနာနားက တိုက်လောင်တယ်” ဟု ကောလင်း ဒေသခံတစ်ဦးကပြောသည်။
ကောလင်းတွင် KIA, AA နှင့် ဒေသခံ PDF အဖွဲ့များ ပူးပေါင်း ၍ နိုဝင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်တွင် ကောလင်း မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားရာ မြို့မ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများကို စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာကာ အကြမ်းဖက် စစ်တပ်ဘက်မှ လေယာဉ်ပစ်ကူများဖြင့် ပစ်ခဲ့ကြောင်းသိရသည်။
“သူတို့ လာကြဲတဲ့အချိန်မှာ ကျွန်တော်တို့ဘက်ကနေ ပြည်သူတော်တော်များများ ထုတ်ထားပြီးပါပြီဗျ။ ဘယ်လိုမှ ထုတ်ဖို့ မလွှဲသာတဲ့ နေရာတဝိုက်က ပြည်သူတွေပဲ ကျန်တာပါဗျ။ အခုလည်း ဆက်ထုတ်ပေးဖို့ လုပ်နေကြပါတယ်။ ပြီးတော့ ထွက်လို့ရတဲ့နေရာတွေ ရှိပါတယ်။ ဒါပေမယ့် စကစဘက်က မြို့ထဲက တိုက်တွေပေါ်မှာ နေရာယူထားလို့ မထွက်သာသေးတဲ့ အနေထားမျိုးပါ ” ဟု Kawlin Revolution – KR မှ တာဝန်ရှိသူတစ်ဦးက Spring of Burma Media သို့ပြောသည်။
ကောလင်းမြို့ပေါ်အတွင်း စီးနင်းတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းမှ တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေကြောင်းနှင့် ပြည်သူများ၏ တိုက်များအပေါ် နေရာယူထားကာ မြင်ရာတွေ့ရာ ပစ်နေကြောင်းလည်းသိရသည်။
လက်ရှိ အနေအထားအရ ကောလင်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်းနှင့် နိုဝင်ဘာ ၅ ရက် နံနက် ၁၀နာရီ ၂၅ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ မှတက်လာသော Mi – 17 သယ်ပို့ရဟတ်ယာဉ်တစ်စီး ဝန်းသိုနယ်သို့ ဆင်းသက်ခဲ့ကာ တောင်ဘက်သို့ ပြန်လည်ပျံသန်းသွားကြောင်းနှင့် အတိအကျ မသိရသော်လည်း လူ (သို့) ရိက္ခာ လာချသွားသည်ဟု ယူဆရကြောင်းနှင့် နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ မှ Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီး မြောက်ဘက်သို့ ပျံတက်သွားကြောင်းလည်း Kawlin Revolution – KR မှ သတိပေးထုတ်ပြန်ထားသည်။