ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စကစ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိ၊ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ရ

7 months ago

နိုဝင်ဘာ ၁၀
သုံးရက်ကြာ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိကာ တော်လှန်ရေး ရဲဘော် ၃ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး/ငယ် စုစုပေါင်း ၆၉ လက်၊ Jammer ၄ ခု၊ ခဲယမ်း၊ ကျည်အမြောက်အမြားနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည် ဟုဆိုသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ (ခရိုင်ရုံးစိုက်ရာမြို့) အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီမှ နိုဝင်ဘာ ၅ ရက်နေ့ ည ၇ နာရီအထိ သုံးရက်ကြာ တိုက်ခိုက်ပြီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပုံစာ – မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ