ကောလင်းတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ

4 months ago

“မြို့တွင်းမှာ ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲဗျ။ စကစတွေလည်း မြို့ထဲမှာပဲ”
KR Team မှ တာဝန်ရှိသူ
=========
ဖေဖော်ဝါရီ ၁၂
အမျိုးသားညီညွတ်ရေးအစိုးရမှ ထိန်းချုပ်ထားသော စစ်ကိုင်းတိုင်းဒေသကြီးရှိ ကောလင်းအား အကြမ်းဖက် စစ်ကောင်စီဘက်မှ ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေရာ ရက်ပေါင်း ၁၀ ရက်ကြာသည်အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
“မြို့တွင်းမှာ ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲဗျ။ စကစတွေလည်း မြို့ထဲမှာပဲ။ သူတို့က အစိုးရရုံးနဲ့ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းတွေမှာ နေရာယူထားတယ်။ သူတို့ အကျအဆုံးတွေကတော့ ကာကွယ်ရေးက ထုတ်ပြန်မှပဲ အတိအကျ သိရပါမယ်”ဟု KR Team မှ တာဝန်ရှိသူတစ်ဦးက Spring of Burma Media သို့ ပြောသည်။
လက်ရှိအခြေအနေတွင် ကောလင်းအား အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ထိန်းချုပ်ထားပြီဆိုသော သတင်းများ ၎င်းတို့၏ မီဒီယာများတွင် အဆက်မပြတ် ဖော်ပြနေခြင်းများရှိကာ ယင်းသတင်းများနှင့် ပတ်သက်၍ တော်လှန်ပြည်သူများမှ စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း သိရသည်။
May be an image of fire and tree
“အခုက ကောလင်းကို စကစ က ပြန်သိမ်းပြီး နယ်မြေရှင်းလင်းရေးတွေ တောက်လျှောက်လုပ်နေပြီဆိုတဲ့ သတင်းတွေ တွေ့ရတော့ မသိတဲ့သူတွေက ကောလင်း ပြန်ပါသွားပြီ ထင်နေကြတာ။ အခုထိ တိုက်နေတုန်း။ စကစဘက်က အင်အားအများကြီး၊ ဝန်းသိုကနေလည်း အားဖြည့်တာတွေ သိရတယ်။ ဒါပေမယ့် တိုက်ပွဲက လက်ရှိအချိန်အထိ ဖြစ်နေတုန်း ပြင်းထန်နေတုန်းပါပဲ”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။
အဆိုပါ တိုက်ပွဲများမှာ ၂၀၂၄ ဖေဖော်ဝါရီအစမှ စတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကာ ယခုတိုက်ပွဲများကြောင့် ပြည်သူများထိခိုက်မှု နည်းပါးကြောင်းလည်း သိရသည်။
May be an image of text
“အခု တိုက်ပွဲဖြစ်ချိန်မှာ ပြည်သူတွေကို ကြိုရှောင်ခိုင်းထားတာ ရှိတော့ ပြည်သူတွေ သိပ်မထိခိုက်ပါဘူး။ တိုက်ပွဲက မြို့ထဲမှာ ဖြစ်နေတာ”ဟု ကောလင်းမြို့ခံတစ်ဦးကလည်း ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များနှင့် မဟာမိတ်များ ပူးပေါင်းကာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြို့ပေါ်၌ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားနိုင်ခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရ၏ အုပ်ချုပ်ထိန်းချုပ်မှုအောက်ရောက်ခဲ့သည့် မြို့လည်းဖြစ်သည်။