ကဝတွင် PDF များ၊ ပြည်သူများအား သတင်းပေး ဒလန်လုပ် ဖမ်းဆီးခံရစေခဲ့သော ပျူခေါင်းဆောင်ကို ရှင်းလင်း

5 months ago

ဖေဖော်ဝါရီ ၄
ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား ဒလန်ပြုလုပ် သတင်းပေးကာ အဖမ်းခံရစေခဲ့သော ပျူစောထီးခေါင်းဆောင် ကျော်လွင်ဦး (ခ) ကိုလွင်ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ၊ ပကဖ)က ထုတ်ပြန်ထားသည်။
သပြေညိုမြို့ပြစစ်ဆင်ရေး(၄)အဖြစ် ဖေဖော်ဝါရီ ၃ ရက် ည ၈:၅၀ နာရီခန့်တွင် သပြုကျေးရွာ ရွာကြီးပိုင်း စာလေးချောက် ကွမ်းယာဆိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံ ပျူစောထီး ဒလန်သတင်းပေး ကျော်လွင်ဦး(ခ)ကိုလွင်ကို ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက သပြုရွာမှာ စကစရဲ့ အောက်ဆွဲအနေနဲ့ ဦးဆောင်လုပ်နေတာပါ။ သူ ကွမ်းယာ ဝယ်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ ငါးချက် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ပြီး ပြန်ဆုတ်လာတာမို့ သိမ်းဆည်း ရရှိတာတော့ မရှိပါဘူး။ မနေ့ညက သပြုတံတားဂိတ်ကရော ကဝကပါ စ – ၊ ရ – ကား၊ ဆိုင်ကယ်‌တွေ ရောက်လာတယ်။ လုံခြုံရေးလည်း ပိုတင်းကျပ်နေတယ်။ သူ့ကြောင့် အဖမ်းခံရတဲ့ ပြည်သူ မနည်းဘူးဗျ။ တစ်ယောက်ဆို နှိပ်စက်ခံထားရလို့ ထောင်ထဲမှာ စိတ်တောင် မမှန်တော့ဘူး” ဟု ကဝ၊ ပကဖ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရှင်းလင်းခံခဲ့ရသည့် ကျော်လွင်ဦး(ခ)ကိုလွင်သည် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီး ပြုလုပ် နေရုံသာမကဘဲ ဒလန်သတင်းပေးအဖြစ် စစ် – ၊ ရဲ – များထံ တော်လှန်ရေးရဲဘော်များ၏ သတင်းနှင့် တည်နေရာများကို ပေးပို့၍ ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ သပြုကျေးရွာနှင့် အနီးအနားမှ အရပ်သား ပြည်သူများကို စစ် – ၊ ရဲ – များခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ ရိုက်နှက်ထုထောင်းခိုင်းခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ထောင်ချခိုင်းခြင်း၊ မတန်မဆ ခြိမ်းခြောက် ငွေညှစ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသူ ဖြစ်သည်ဟု ဆိုသည်။
၎င်း၏ မဟုတ်မမှန် သတင်းပေး လက်ထောက်ချမှုများကြောင့် သပြုကျေးရွာနှင့် အနီးအနား ရွာများမှ အရပ်သားအပြစ်မဲ့ပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တချို့မှာလည်း အကျဉ်းထောင်ထဲ၌ ညှဉ်းပမ်းနှိပ်စက်မှုမျိုးစုံကို အလူးအလဲခံရ၍ မတရား ထောင်ဒဏ်များ ကျခံရလျက်ရှိသည့်အပြင် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူများကိုလည်း မတန်မဆ ငွေညှစ်ခြိမ်းခြောက်ခဲ့သူလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် စစ် – ၊ ရဲ – ၊ အုပ်ကြီး၊ ပျူစောထီး၊ ဒလန်သတင်းပေး မှန်သမျှကို အသက်သေဆုံးသည်အထိ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်၍ မိမိအသက်ကို တန်ဖိုးထားပါက ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်း၍ အလင်းဝင်ရောက်ကြရန်လည်း အသိပေးထားသည်။